ပေါင်းတည် လဲပင်ရွာက နေအိမ် ၁၆ လုံး မီးရှို့ခံရ

ပဲခူးတိုင်း အနောက်ပိုင်း ပေါင်းတည်မြို့နယ် လဲပင်ရွာကို မတ်လ ၁၅ ရက်နေ့ မနက် ၃ နာရီ လောက်မှာ အင်အား ၃၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်လာပြီးနောက် အိမ် ၁၆ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွာသားတွေအားလုံးက နီးစပ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ရွာမီးရှို့ခံရချိန်မှာ ရွာထဲမှာ စစ်ကောင်စီတပ်သားတွေပဲ ရှိနေခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အဲဒီ ရွာနားက ဒေသခံတစ်ဦးက ပြောပါတယ်။

"ရွာမှာရှိတဲ့ ဆန်တွေကို သိမ်ကုန်း တာဝါတိုင်ကို အကုန် သယ်တယ်။ လှည်းတွေ ချောဆွဲ ပြီးတော့ ရွာမှာရှိတဲ့၊ ဈေးဆိုင်တွေမှာရှိတဲ့ စားကုန် သောက်ကုန်တွေ၊ ဆန်တွေ အကုန်တင် တယ်။ သူတို့တွေ တာဝါတိုင်မှာ တပ်ဆွဲ ထားတာ သိမ်ကုန်းမှာ။ အဲကို အကုန်သယ်ပုံရတယ်။ နွားတွေ၊ ဝက်တွေ သယ်၊ ဘယ်သူမှလည်း မဝင်ရဲဘူး။ သူတို့ပဲရှိနေတယ်။ ရွာထဲကဟာတွေ ဘာမှ မရှိတော့ဘူးဆိုမှ အဲဒီအချိန် မိုးလင်းအားကြီးမှာပဲ ရှို့သွားတာ"

ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့က ရိုးမတောင်ခြေမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ PDF အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီဘက်က ၁၀ ဦးကျော် ထိခိုက်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီ PDF အဖွဲ့ဝင်တွေကို လဲပင်ရွာသားတွေက ထောက်ပံ့ ကူညီတယ်ဆိုတဲ့ သံသယနဲ့ ရွာကို လာရောက်ဖျက်ဆီးတာ ဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ရွာထဲကနေ ပြန်လည်ထွက်ခွာသွားချိန်မှာ ရွာထဲမှာ ထွက်မပြေးနိုင်လို့ ကျန်ခဲ့တဲ့ အသက် ၇၀ ကျော် အဘိုးတစ်ဦး သေဆုံးနေတာ တွေ့ရတယ်လို့လည်း သူက ပြော ပါတယ်။

လဲပင်ကျေးရွာဟာ အိမ်ခြေ ၁၆၀ နဲ့ လူဦးရေ ၅၂၀ ခန့် နေထိုင်ပြီး ကျေးရွာသားတွေ အားလုံး ကတော့ လက်ရှိအချိန်အထိ ဘေးလွတ်ရာတောတောင်တွေထဲမှာ ထွက်ပြေးတိမ်းရှောင် နေကြရတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့ကလည်း လဲပင်ကျေးရွာအထက်ပိုင်း ပဲခူးရိုးမပေါ်ကို စစ်ကြောင်း ထိုးလာတဲ့ စစ်ကောင်စီတပ်ကို ပေါင်းတည်နဲ့ သဲကုန်း PDF အဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အခုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုချက် မရသေးသလို စစ်ကောင်စီဘက်ကလည်း ထုတ်ပြန်လာတာ မရှိသေးပါဘူး။

စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နေအိမ်တွေ မီးရှို့ခံရတဲ့ကိစ္စဟာ သူတို့လက်ချက် မဟုတ်ဘဲ PDF အဖွဲ့တွေရဲ့ လက်ချက်သာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ အခုနှစ် မတ်လ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ လက်ချက် ကြောင့် မီးရှို့ဖျက်ဆီးခံရတဲ့ လူနေအိမ်ပေါင်း ၇,၂၄၈ လုံးခန့် ရှိလာနေတယ်လို့ စစ်ရေးနဲ့ နောက်ဆက်တွဲအကျိုးဆက်တွေကို သုတေသန ပြုလုပ်နေတဲ့ Data For Myanmar အဖွဲ့က မနေ့က ထုတ်ပြန်ထားပါတယ်။