စာပေနှင့် ကဗျာဆရာမကြီး ဒေါ်ကြည်အေး အသက် ၈၁ နှစ် ပြည့်ပြီ

ဒီနေ့ ပညာခေတ်ကြီးမှာ ဘယ်စာပေ ဘယ်ပညာရပ်မဆို လူတိုင်း ဆည်းပူးနိုင်ပေမဲ့ အလှမ်းကျယ် အလယ်လတ် မဟုတ်ပဲ တဆင့်ချင်း လေ့လာ ဆည်းပူးရမယ်၊ မိမိကိုယ်မိမိနှိမ့်ချပြီး အချိန်ကို အကျိုးရှိရှိ အသုံးချတတ်ရမယ်လို့ မြန်မာစာပေလောကမှာ အထင်ရှားဆုံး အမျိုးသမီး စာရေးဆရာမတဦးအဖြစ် သတ်မှတ်ခံရတဲ့ စာရေးဆရာနဲ့ ကဗျာဆရာမကြီၤးဖြစ်ပြီး ဒီနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့မှာ အသက် ၈၁ နှစ် ပြည့်သွားပြီဖြစ်တဲ့ ဒေါ်ကြည်အေးက ပြောလိုက်ပါတယ်၊
2010-12-13
အီးမေးလ်
မှတ်ချက်ပေးပါ
Share
ပုံနှိပ်ပါ
မြန်မာ အနုစာပေလောကတွင် ဂန္ထဝင် မှတ်တိုင်တခု စိုက်ထူထားသော စာရေးဆရာ၊ ကဗျာ ဆရာမကြီး ကြည်အေးသည် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံတို့တွင် ဆရာဝန်အဖြစ် အသက်မွေးခဲ့ပြီးနောက် ယခုအခါ နယူးယောက်မြို့တွင် နေထိုင်လျက်ရှိသည်။ (Photo: RFA)
မြန်မာ အနုစာပေလောကတွင် ဂန္ထဝင် မှတ်တိုင်တခု စိုက်ထူထားသော စာရေးဆရာ၊ ကဗျာ ဆရာမကြီး ကြည်အေးသည် အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံတို့တွင် ဆရာဝန်အဖြစ် အသက်မွေးခဲ့ပြီးနောက် ယခုအခါ နယူးယောက်မြို့တွင် နေထိုင်လျက်ရှိသည်။ (Photo: RFA)
(Photo: RFA)

အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့မှာ နေထိုင်နေတဲ့ ဆရာမ ဒေါ်ကြည်အေးက သူ့စာဖတ်ပရိသတ်နဲ့ လူငယ်တွေကို အဲဒီလို အမှာစကား ပါးလိုက်တာပါ။

“အသစ်ဆိုတာ ဗြုံးကနဲ ထပြီး ဖြစ်လာတာ မဟုတ်ဖူး။ ဟိုးရှေးရှေးကနေ တဖြည်းဖြည်း တက်လာပြီးတော့ ခုခေတ်ကို ရောက်လာတာ။ စာဖတ်တာလည်း အဲဒီလိုပဲ ဟိုးရှေးရှေးကနေ စာကို ဖတ်ပြီးတော့ အခုခေတ်ကို ရောက်လာရမယ်။ အချိန်အများကြီး ပေးရမယ်၊ အများကြီး ဖတ်ရမယ်၊ အများကြီး လေ့လာရမယ်။ အချိန်ဟာ သိပ် အဖိုးတန်တယ်။ အဲဒီတော့ စာဖတ်ရမယ်၊ လေ့လာရမယ်။ နောက်ပြီးတော့ နှိမ်ချတဲ့စိတ် ရှိရမယ်။ Humble ကိုယ်က တပည့်ခံရတာ ဘာမှ ကြောက်စရာမရှိဘူး။”

၁၉၄၇ ခုနှစ်မှာ ထုတ်ဝေတဲ့ တာရာမဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄ မှာ အဲဒီတုန်းက အသက် ၁၈ နှစ်ရွယ် ဒေါ်ကြည်အေးရဲ့ ‘ထိုည’ ဝတ္ထုတို ပထမဆုံး ပုံနှိပ်ဖော်ပြခဲ့ပါတယ်၊ သူ့စာ သူ့ ကဗျာတွေဟာ အတွေး အရေး ဆန်းသစ်ပြီး ရေးဟန်ကလည်း ရဲ၊ တီလည်း တီထွင်တဲ့အတွက် ဖြစ်တည်မှုပဓာနဝါဒ ဆန်တဲ့ စာရေးဆရာ အဖြစ် ကျော်ကြားခဲ့ပါတယ်။

ဆရာမကြီးရဲ့ ကဗျာတွေထဲ ၁၉၄၉ ခုနှစ်ထုတ် တာရာမဂ္ဂဇင်းအတွဲ ၃ အမှတ် ၂၀ ပါ တစ္ဆေကဗျာကို ခုထိ လူကြိုက်များပြီး နွမ်းလျအိမ်ပြန်၊ မောင် ကိုကိုနှင့် မြနန္ဒာ၊ မေတ္တာမီးအိမ်၊ အပြင်ကလူနဲ့ ကြည်အေး၏ ကဗျာများ စာအုပ်တွေဟာ ထင်ရှားပါတယ်။

ဒေါ်ကြည်အေးဟာ မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုကို ၁၉၇၂ ခုနှစ်က ရောက်ရှိခဲ့ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေမှာ ဆရာဝန်အဖြစ် လုပ်ကိုင်ခဲ့ပြီး လန်ဒန်မှာ ကလေး စိတ်ရောဂါအထူးကု ဆရာဝန်အဖြစ် လုပ်ကိုင်ရာက အငြိမ်းစားယူခဲ့ပါတယ်။

ခုတော့ ဆရာမကြီးဟာ သမီးတွေနဲ့ နယူးယောက်မှာ ကျန်းကျန်းမာမာနဲ့ နေထိုင်နေပါတယ်။

ဆရာမကြီးဟာ စာတွေဖတ် ပန်းချီတွေ ဆွဲနေတုန်းပါ။

မြန်မာစာပေသမိုင်းမှာ ချန်လှပ်ထားလို့ မရတဲ့ ဆရာမကြီး ဒေါ်ကြည်အေးကို RFA မှ ဒေါ်စမ်းစမ်းတင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါ်ကြည်အေးနှင့် ဆက်သွယ်မေးမြန်းချက်
အသံဖိုင်ယူရန်
ကွန်မင့်များ (0)
Share
ဆိုက်တခုလုံးသို့