လက်ပံတောင်းမှာ ရဲနဲ့ရွာသားပဋိပက္ခဖြစ် လူ ၇ ယောက်ဒဏ်ရာရ

0:00 / 0:00

ဝမ်ပေါင်နဲ့ ဦးပိုင်ကုမ္ပဏီတို့ရဲ့ ကြေးနီစီမံကိန်းနေရာဖြစ်တဲ့ လက်ပံတောင်းဒေသ မိုးကြိုးပြင်တောင်ရွာမှာ မနေ့ည ၇ နာရီခွဲလောက်က ရဲတပ်ဖွဲ့ကရွာသားတွေကို သေနတ်နဲ့ပစ်ခတ်တဲ့အတွက် အမျိုးသမီး ၁ ယောက်အပါအဝင် စုစုပေါင်း ၇ ယောက် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့က ရွာကိုဝင်ဖို့ကြိုးစားတဲ့အတွက် ရွာသားတွေကအဝင်မခံဘဲ တားဆီးရာကနေ ပစ်ခတ်တဲ့အဆင့်အထိ ဖြစ်သွားတဲ့အကြောင်း အဲဒီနေရာကို သတင်းယူဖို့ရောက်နေတဲ့ Unity အပတ်စဉ်ထုတ် ဂျာနယ်သတင်းထောက် ကိုကျော်နိုင်က RFA ကို ပြောပါတယ်။

"အခုလောလောဆယ် မိုးကြိုးပြင် ပုသိမ်-မုံရွာလမ်းမထိပ်မှာပေါ့နော်၊ ရွာသားတွေက ရဲတွေဝင်လာလို့ တားမြစ်တဲ့အချိန်မှာ ဝမ်ပေါင်ဘက်ကနေမှ နောက်ထပ်ကားတွေနဲ့ ရဲအင်အားတွေ ရောက်လာတယ်၊ နောက်ပြီး ဒိုင်းတွေကာပြီး သေနတ်တွေနဲ့ပစ်တာတွေ့ရတယ်၊ ၂၇ ချက်လောက်ပစ်တာဗျ၊ အဲလိုပစ်ပြီးတာနဲ့ ဒီဘက်က ဒဏ်ရာရတဲ့လူတွေက ၇ ယောက်လောက်ရှိတယ်လို့သိရတယ်"


သေနတ်ဒဏ်ရာရသွားသူတွေက မအေးစန်း၊ ကိုဖိုးစီ၊ ကိုသက်မောင်၊ ကိုဘိုနီ၊ ကိုစိုပြည်အောင်၊ ကိုထွန်းအေး၊ ကိုအုန်းမှိုင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကို ရွာထဲမှာပဲကုသနေတယ်လို့ ဆိုပါတယ်။ရွာသားတွေက လေးဂွနဲ့ပစ်ခတ်တဲ့အတွက်လည်း ရဲတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ မနေ့နေ့လည်ကတော့ ရဲကင်းဆောက်နေတာကို ရွာသားတွေက ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ အဲဒီနေရာကို သတင်းယူဖို့ရောက်နေတဲ့ Unity အပတ်စဉ်ထုတ် ဂျာနယ်သတင်းထောက် ကိုကျော်နိုင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။