လက်ပံတောင်းတောင် သပိတ်ဖြိုခွဲမှု ၁၄ လပြည့် ဆန္ဒပြ
2014.03.01

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း ဖျက်သိမ်းရေး အတွက် သပိတ်စခန်းဖွင့်ဆောင်ရွက်တဲ့ ဒေသခံတွေရဲ့ သပိတ်စခန်းကို လုံခြုံရေးတပ်ဖွဲ့တွေက ဖြိုခွင်းခဲ့တာ ၁၄ လပြည့်အထိမ်းအမှတ် ဆန္ဒပြပွဲကို မနေ့က လက်ပံတောင်းတောင်ဒေသမှာ ပြုလုပ်ခဲ့ရာ ဒေသခံ ၄၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ ဒေသခံတွေက တုံရွာကနေ ညောင်ပင်ကြီး - ယင်းမပင် ကားလမ်းအကျော် ဝမ်ပေါင်ကုမ္ပဏီအထိ ၃ မိုင်ခန့် လမ်းလျောက်ဆန္ဒပြခဲ့ပါတယ်။ ဒေသခံတွေ က တောင်းဆိုချက် ၁၀ ချက် တောင်းဆိုခဲ့တယ်လို့ ဆန္ဒပြပွဲမှာပါဝင်သူ ဝက်မှေးရွာက မစန္ဒာက ပြော ပါတယ်။
"ကြေးနီစီမံကိန်း ဖျက်သိမ်ပေးရေး၊ ပုဒ်မ ၁၄၄ ရုပ်သိမ်းရေး၊ လယ်တီသိမ်ကို မူလအတိုင်းထားရှိရေး နောက်ပြီး တခြား မှားခေါ်ပြီးတော့ အရေးယူထားတဲ့သူတွေကို လွှတ်ပေးရေးပေါ့"
ဒါ့အပြင် ဒေသခံတွေကို ကူညီသူတွေကို ဖမ်းဆီးထားရာမှာလည်း မကျူးလွန်တဲ့ပြစ်မှုတွေနဲ့ မတရားဖမ်းစီးထားတာဖြစ်တယ်လို့ ဆိုပါတယ်။
"ကျမတို့ဒီဒေသမှာ တရားဥပဒေ စိုးမိုးမှုမရှိသလို ကျမတို့ဒေသကို ကူညီနေတဲ့သူတွေကိုလည်း သူတို့တပ်ချင်တဲ့ ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ ဖမ်းဆီးမယ်၊ အရေးယူမယ်၊ ထောင်ချမယ်"
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းဖို့ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြတဲ့ ဒေသခံတွေကို ပြီးခဲ့တဲ့ ၂၀၁၂ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့က လုံထိန်းတပ်ဖွဲ့ဝင်တွေက မီးသတ်ပိုက်နဲ့ ရေတွေဖြန်းပြီး မျက်ရည်ယိုဗုံးများနဲ့ ပစ်ခဲ့ရာ မီးလောင်မူတွေဖြစ်ပြီး ဒေသခံတွေအသီးသီး ဒါဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ ခုလိုသပိတ်စခန်းကို ဖြိုခွင်းခဲ့ရာမှာ ရဟန်းရှင်လူ ၇၀ ခန့် ထိခိုက်ဒါဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။