ဗိုလ်ချုပ်မှူးကြီးပုံ Facebook တင်မှုနဲ့ ဖမ်းဆီးခံရသူတစ်ဦး ပြန်လွတ်


2015.10.31

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓါတ်ပုံကို ပြုပြင်ပြီး ဖေ့ဘွတ်မှာ တင်ခဲ့တာကြောင့် ရန်ကုန်မြို့ အင်းစိန်ထောင်မှာ နှစ်ပတ်ကြာ ဖမ်းဆီးခံထားရတဲ့ ဒေါပုံမြို့နယ်က ကိုလူဇော်စိုးဝင်း ကို မနေ့က ပြန် လွှတ်ပေးလိုက်ပါတယ်။

ကိုလူဇော်စိုးဝင်း ကိုယ်တိုင် တင်တာမဟုတ်ဘဲ သူ့နာမည်နဲ့တူတဲ့ ဖေ့ဘွတ်အကောင့်တစ်ခုမှာ တခြားတစ်ယောက် က တင်ထားတာကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် တရားစွဲလို့မရတဲ့အတွက် ပြန်လွှတ်ပေးလိုက် တာဖြစ်ကြောင်း ဒေါပုံမြို့နယ် ရဲစခန်း ရဲအရာရှိတစ်ဦးက ပြောပါတယ်။

"စစွဲတုန်းကတော့ သူ့နာမည်နဲ့ သူ့မှတ်ပုံတင် ငွေကြေးစာအုပ်တွေနဲ့ ဖေ့ဘွတ်မှာ စာတက်လာတာလေ၊ ခေါ် ပြီးတော့ စစ်ဆေးတဲ့အခါမှာ သူူ့မှတ်ပုံတင်ကို တစ်ယောက်နေပြီးတော့ အလွဲသုံးစားလုပ်ပြီးတော့မှ သူ့အကောင့်ကို အလွဲသုံးစားလုပ်တာပေါ့နော်၊ အဲဒါကြောင့်မို့ မခိုင်လုံလို့ ပြန်လွှတ်ပေးလိုက်တယ်"

ကိုလူဇော်စိုးဝင်းကို ဒေါပုံမြို့နယ်ရဲစခန်းက ပြီးခဲ့တဲ့အောက်တိုဘာလ ၁၇ရက်နေ့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ ဖမ်းဆီးပြီး အာမခံမပေးဘဲ အင်းစိန်ထောင်မှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ဓါတ်ပုံကို ပြုပြင်ပြီး ဖေ့ဘွတ်စ်မှာ တင်ခဲ့တာကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ)၊ အသရေဖျက်မှု ပုဒ်မ ၅ဝဝ တို့နဲ့ ဖမ်းဆီးခံထားရသူ နှစ်ဦး ကျန်ရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။