ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် မအီမြို့မှာရှိတဲ့ မအီချောင်းတံတားနဲ့ ကျောက်ကြီးပေါက်တံတားတွေ ဖေဖော်ဝါရီလ ၁၆ ရက် ညပိုင်းမှာ မိုင်းခွဲဖျက်ဆီးခံလိုက်ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
မအီချောင်းတံတားဟာ မအီမြို့နဲ့ အမ်းမြို့နယ်ကို ဆက်သွယ်ထားတဲ့တံတားဖြစ်ပြီး ကျောက်ကြီးပေါက်တံတားကတော့ မအီမြို့နဲ့ ကျောက်ဖြူမြို့ကို ဆက်သွယ်ထားတဲ့ တံတားဖြစ်ပါတယ်။
စစ်ကောင်စီတပ်က မအီမြို့ကနေ ကျောက်ဖြူဘက်ကို ဆုတ်ခွာချိန်မှာ တံတားနှစ်စင်းလုံးကို ဖျက်ဆီးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မအီရဲစခန်းက စစ်သားတွေ မနေ့က မိုင်းခွဲဖျက်စီးသွားတာပါ။ ညဉ့် ၉ နာရီလောက် ရှိမယ်ထင်ပါတယ်။ မအီချောင်းတံတားနဲ့ ကျောက်ကြီးပေါက် တံတားနှစ်ခုလုံး ကျိုးသွားပြီ။ သူတို့ ဇီးဇံတောင်ဗျူဟာကို တပ်ဆုပ်သွားတာပါ”
မအီမြို့ ကင်းခြေရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ တိုက်ပွဲဖြစ်ပြီးနောက် မအီမြို့နဲ့ အဲဒီ တိုက်ပွဲဖြစ်တဲ့နေရာကို AA တပ်ဖွဲ့တွေ ဝင်လာလို့မရအောင် အခုလို ဖျက်ဆီးလိုက်တာဖြစ်နိုင်တယ်လို့ သူက ပြောပါတယ်။
အဲဒီနောက် တောင်ကုတ်မြို့ စစ်ကောင်စီတပ်ရင်းတွေကနေ မအီမြို့ဘက်ကို လက်နက်ကြီးတွေနဲ့ အချက်နှစ်ဆယ်နီးပါး ပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီးကြောင့် မအီမြို့က နေအိမ်တွေပျက်စီးတာနဲ့ ဒေသခံတွေ ဒဏ်ရာရတာရှိပေမယ့် အသေးစိတ်အခြေအနေကို မသိရသေးပါဘူး။
ဒါနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့ မရပါဘူး။
စစ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့ကိုလည်း AA က ဝင်တိုက်မှာကို စိုးရိမ်တာကြောင့် မြို့အဝင် မင်းချောင်းတံတားကို ဖေဖော်ဝါရီလ ၁၁ ရက်မှာ စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိမှာ ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ် ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့တွေကို AA က သိမ်းယူထားပါတယ်။
၁၀၂၇ စစ်ဆင်ရေးကြောင့် ရခိုင်ပြည်နယ်မှာ မင်းပြား၊ ရသေ့တောင်နဲ့ မောင်တောမြို့နယ်တွေမှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကစလို့ တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။