မန္တလေးအိုးဘိုထောင်မှာ အရေပြားရောဂါဖြစ်ပွားနေ
2024.06.07
မန္တလေးမြို့ အိုးဘိုထောင်က အကျဉ်းဆောင်တွေမှာ ပုံမှန်ထားရမဲ့ လူဦးရေထက် နှစ်ဆနီးပါး စုပြုံထားရှိတဲ့အပြင် ထောင်ဝတ်စုံ လုံလုံလောက်လောက် မပေးတာကြောင့် အရေပြားရောဂါတွေ ဖြစ်ပွားနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
လက်ရှိ အိုးဘိုထောင်မှာ တစ်ဦးနဲ့တစ်ဦး ထပ်လုနီးပါးအိပ်နေရပြီး မိုးတွင်းကာလ အဝတ်မခြောက်တာနဲ့ ထောင်ဝတ်စုံ အလုံအလောက်မရတာကြောင့် နောက်ဆက်တွဲအနေနဲ့ ပွေး၊ ဝဲ၊ ယားနာတွေ ဖြစ်ပွားနေတာလို့ PPNM ရဲ့ ကော်မတီဝင် ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
“နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေအားလုံးဟာ ရှင်လျှက်နဲ့ သေတဲ့သူတွေလို့ နေနေကြရတယ်။ တစ်ယောက်ကို တစ်ပေနဲ့ သုံးလက်မဝန်းကျင် နေရာလေးမှာ အိပ်စက်နေရပြီး အဆင်ပြေအောင်နေနေရတယ်။ တစ်ယောက်ကို ထောင်ကျအဝတ်အစား နှစ်ထည် သုံးထည်ပဲ ထုတ်ပေးတယ်။ အခုမိုးတွင်းကာလ မခြောက်တဲ့ အဝတ်အစားတွေကို ဝတ်နေရတာကြောင့် နောက်ဆက်တွဲ ပွေး၊ ဝဲ၊ ယားနာတွေ ဖြစ်လာတာပါ။”
စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေကြောင့် အိုးဘိုထောင်အတွင်း အကျဉ်းသားဦးရေများပြားနေပြီး အကျဉ်းသား ၅၀ နီးပါးလောက်သာထားနိုင်တဲ့ အဆောင်တွေကို နှစ်ရာနီးပါးအထိ ထားရှိတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် နေရာမလုံလောက်မှုကြောင့် အမျိုးသမီးအဆောင်က ကိုယ်ဝန်သည်အကျဉ်းသူတွေနဲ့ ကလေးတွေလည်း အပူနာတွေ စွဲကပ်ခံစားနေရတယ်လို့ PPNM က ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၄ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂၀,၅၅၈ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက လူ ကိုးထောင်ကျော် (၉၁၄၇ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။