မန္တလေးတိုင်း မတ္တရာမြို့နယ် ရှမ်းမြောင်းရွာအနီးမှာ ဇွန်လ ၄ ရက်နေ့က စစ်ကောင်စီတပ်က လူငယ်သုံးဦးကို ပစ်ခတ်သတ်ခဲ့ပြီးနောက် အလောင်းကို စွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရွာအနောက်ဘက် ရေမြောင်းတစ်ခုအနီးမှာ လက်ပြန်ကြိုးတုပ်လျက် သတ်ဖြတ်ခံထားရတဲ့ အလောင်းတွေကို စွန့်ပစ်ခဲ့တာဖြစ်ပြီး ဇွန် ၅ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ကပဲ ပြန်လာသယ်သွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အမည်မသိ အလောင်း သုံးလောင်းလို့ ပြောလို့ရတာပေါ့။ ဘယ်ကနေ ခေါ်လာတာလဲတော့ မသိဘူး။ မနက်ခင်း ဆယ်နာရီဝန်းကျင်လောက်မှာ စစ်တပ်က ပြန်လာသယ်သွားတယ်ဗျ”
သတ်ဖြတ်ခံရတဲ့ လူငယ်သုံးဦးဟာ အသက် ၂၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး သူတို့ရဲ့ ကိုယ်ရေးအချက်အလက် အသေးစိတ်ကိုတော့ မသိရဘူးလို့ သူက ဆိုပါတယ်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကတော့ ဒီရက်ပိုင်း တပ်ဖွဲ့ဝင်တွေ ဖမ်းဆီးခံရတာ မရှိတာကြောင့် အခုသေဆုံးသူတွေဟာ သာမန်အရပ်သားတွေ ဖြစ်နိုင်တယ်လို့ RFA ကို ပြောပါတယ်။
စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မေ ၂၇ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ကပ်လျက် ပုသိမ်ကြီးမြို့နယ် ကွန်ပျူတာ တက္ကသိုလ်ရှေ့မှာ စစ်ကောင်စီတပ်က သတ်ဖြတ်စွန့်ပစ်သွားတဲ့ လူငယ်နှစ်ဦးရဲ့အလောင်းကို တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန် ၅ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလတွင်း ဒီမိုကရေစီအရေး လှုပ်ရှားသူနဲ့ ပြည်သူ စုစုပေါင်း ငါးထောင်ကျော် (၅,၂၃၃ ဦး) သတ်ဖြတ်ခံခဲ့ရပါတယ်။