ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲသောင်ကျေးရွာအုပ်စုက မြန်မာမိသားစု ၄ ဦး အသတ်ခံရတဲ့ အမှုမှာ ထွက်ပြေး လွတ်မြောက်နေတဲ့ အဓိကတရားခံလို့ သံသယရှိသူ ၂ ဦးကို မနေ့ကညပိုင်းက ဖမ်းမိခဲ့တယ်လို့ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးက RFA ကို အတည်ပြု ပြောကြားလိုက်ပါတယ်။
အဓိကတရားခံအဖြစ် သံသယရှိသူ ကိုရွှေနဲ့ တခြားသူတစ်ဦးဟာ ဘားအံမြို့နယ် ဖားပုကျေးရွာက အဒေါ်ဖြစ်သူရဲ့ နေအိမ်ကို လာရောက်ပုန်းရှောင်နေရာမှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က သတင်းပေးတာကြောင့် မနေ့ညပိုင်းက ဖမ်းဆီးခဲ့တာလို့ ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။
အဲဒီ ၂ ဦးကို မြဝတီမြို့ကို ဒီနေ့ လွှဲပြောင်းပေးမှာဖြစ်ပြီး လူသတ်မှုနဲ့ အမှုဖွင့် အရေးယူသွားမယ်လို့လည်း ရဲမှူးကြီး အောင်မြတ်မိုးက ပြောပါတယ်။
သူတို့ ၂ ဦးဟာ မြန်မာမိသားစု လေးဦးကိုသတ်ဖြတ်မှုနဲ့ ထိုင်းနိုင်ငံရဲတပ်ဖွဲ့က အလိုရှိနေတဲ့ အဓိကတရားခံတွေဖြစ် တယ်လို့လည်း သိရပါတယ်။
တဆက်တည်းမှာပဲ အဓိကတရားခံလို့ ယူဆရတဲ့ ကိုရွှေရဲ့ဇနီးကို မနေ့ မနက်မှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၁၅ ရက်နေ့ ညပိုင်းက ထိုင်းနိုင်ငံ မဲဆောက်မြို့ မဲ့သောင်ရပ်ကွက်က အလုပ်သမားခြံဝင်း တစ်ခုမှာ နေထိုင်တဲ့ လေးလသားအရွယ် ကလေးငယ်အပါအဝင် မြန်မာမိသားစုလေးဦးကို သတ်ဖြတ်ခဲ့တာဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့လိုက်တာပါ။
