မြန်မာဟာ သတင်းထောက်တွေအတွက် အန္တရာယ်ရှိတဲ့ နိုင်ငံဖြစ်နေဆဲ

သတင်းမီဒီယာသမားတွေ စိုးရိမ်ရတဲ့ အန္တရာယ်မျိုးစုံကို ကြုံနေကြရပြီး သတင်းလွတ်ခွင့်ဟာ လည်း မကြုံစဖူး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရ။

မြန်မာနိုင်ငံဟာ သတင်းထောက်တွေအတွက် အန္တရာယ်ရှိတဲ့ နိုင်ငံဖြစ်နေပြီး တရားလက်လွတ် ဖမ်းဆီးခံရတာ အပါအဝင် ဘေးန္တရာယ်မျိုးစုံကို ရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) က မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ထုတ်ပြန်ပါတယ်။

သတင်းမီဒီယာသမားတွေဟာ သူတို့ရဲ့ အလုပ်နဲ့ ဆက်စပ်ပြီး တရားလက်လွတ် ဖမ်းဆီးခံရတာ၊ အကျဉ်းချခံရ တာ၊ နှိပ်စက်ညှဉ်းပန်းခံရတာ၊ သတ်ဖြတ်ခံရတာ အပါအဝင် ပြင်းထန်တဲ့ တားမြစ်ချက်တွေ၊ ဘေးန္တရာယ်တွေကို ရင်ဆိုင်နေရဆဲပဲလို့ IIMM က ဖော်ပြပါတယ်။ ဒီဖြစ်ရပ်တွေဟာ နိုင်ငံတကာဥပဒေတွေအရ ကြီးလေးတဲ့ ရာဇဝတ်မှုတွေဖြစ်ပြီး IIMM က ဆက်လက် စုံစမ်းနေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးကတည်းက သတင်းသမား ၂၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အဲဒီထဲက သတင်းသမား ၄၇ ဦးဟာ ဒီနေ့အထိ ချုပ်နှောင်ခံထားရတယ်လို့ မတ်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ထုတ်ပြန်ပါတယ်။ ဖမ်းဆီးခံထားရတဲ့ သတင်းသမားတွေအားလုံး ချက်ချင်းပြန်လွှတ်ပေးဖို့အတွက်လည်း ဗြိန်တိန်သံရုံးက တိုက်တွန်းပါတယ်။

မြန်မာနိုင်ငံရဲ့ စာနယ်ဇင်းလွပ်လပ်ခွင့်အခြေအနေဟာ နှစ်စဉ်ဆိုးဝါးလားပြီး သတင်းထောက်တွေကို နှစ်ရှည်ထောင်ဒဏ်ချမှတ်တာအပြင် သတင်းမီဒီယာလိုင်စင်တွေ ဆက်လက်ပိတ်သိမ်းခံနေရတယ်လို့လည်း လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ထုတ်ပြန်ပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီနဲ့ ဧပြီလအတွင်းမှာ ရွှေဖီမြေ၊ Chin World၊ Khonumthung နဲ့ မျက်မှောက်ခေတ် စတဲ့ သတင်းဌာန ၄ ခု ပိတ်သိမ်းခံခဲ့ရရပါတယ်။

ဒီအခြေအနေတွေဟာ မြန်မာပြည်တွင်းက သတင်းသမားတွေလုံခြုံရေးအတွက် နေ့စဉ်နဲ့အမျှ ခြိမ်းခြောက်ခံနေရတာလို့ အမျိုးသမီးသတင်းထောက် တစ်ဦးက RFA ကိုပြောပါတယ်။

“ဒီအလုပ်လုပ်တာဆိုတော့ အာဏာသိမ်းတဲ့ ဒီတစ်လျှောက်လုံးကတော့ စိုးရိမ်နေရတာပဲ။ ကိုယ်တွေက ပြည်တွင်းမှာဆိုတော့ တချို့သတင်းရင်းမြစ်တွေကို ဆက်သွယ်ပြီးရင်လည်း အဲဒီကတဆင့် ပြန်ပြီးတော့ နောက်ယောင်ခံ လိုက်လာတာမျိုးတွေရှိမှာလည်း စိုးရိမ်တာရှိတယ်။။ အရင်က ဖုန်းဆင်းကတ်တွေ မှတ်ပုံတင်ရတာယ်။ အခု ဖုန်းဟန်းဆက်တွေကိုပါ မှတ်ပုံတင်ရတော့ နောက်ယောင်ခံလိုက်ဖို့ ပိုလွယ်သွားပြီ။ ဘယ်လောက် သိုသိုသိပ်သိပ်နေနေ သူတို့လက်ခုပ်ထဲ အလိုလို ရောက်လာတာပေါ့။ သတင်းလွတ်လပ်ခွင့်နဲ့ ပတ်သက်ရင် ပိုကောင်းလာတာမရှိဘူး ပိုဆိုးလာတာပဲ ရှိတယ်။ ကိုယ့်အလုပ်ကိုယ်လုပ်ရင်း နေ့စဉ်နဲ့အမျှ အဖမ်းအမခံရအောင် ဘယ်လိုနေနေရမလဲပဲ တွေးနေရတယ်”

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က (Antonio Guterres) ကလည်း ကမ္ဘာအနှံ့က သတင်းမီဒီယာသမားတွေဟာ စိုးရိမ်ရတဲ့ အန္တရာယ်မျိုးစုံကို ကြုံနေကြရပြီး သတင်းလွတ်ခွင့်ဟာ လည်း တစ်ခါမှ မကြုံဘူးလောက်အောင် အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မေလ ၃ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ ပြောဆိုပါတယ်။

ကမ္ဘာပေါ်က သတင်းလွတ်လပ်ခွင့်အခြေအနေဟာ ၂၅ နှစ်အတွင်း အနိမ့်ဆုံးအဆင့်ကို ထိုးကျနေပြီး မြန်မာ နိုင်ငံဟာ အာဆီယံ ၁၁ နိုင်ငံမှာ ကွန်မြူနစ် ဗီယက်နမ်ပြီးရင် အဆိုးဝါးဆုံးအဆင့်မှာရှိပြီး ကမ္ဘာ့အဆင့်မှာ အဆင့် ၁၆၆ နဲ့ ၁၄ နိုင်ငံမြောက် အနိမ့်ကျဆုံးနိုင်ငံအဖြစ် ရောက်ရှိနေတယ်လို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့ RSF က ဧပြီ ၃၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။