မဲဆောက်မှာ ပြောင်းဆန်တင်ကုန်ကားပေါ် ပုန်းအောင်းလိုက်ပါလာတဲ့ မြန်မာ ရှစ်ဦး ဖမ်းဆီးခံရ
2025.02.06

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ် ဟွေ့ဟင်ဖွန်စစ်ဆေးရေးဂိတ်မှာ ပြောင်းဆန်တင်ကုန်ကားပေါ်မှာ လိုက်ပါလာတဲ့ မြန်မာနိုင်ငံသားရှစ်ဦးကို ဖေဖော်ဝါရီလ ၆ ရက်နေ့က ထိုင်းအာဏာပိုင်တွေက တွေ့ရှိဖမ်းဆီးမိခဲ့တယ်လို့ မြန်မာအလုပ်သမားအရေးကူညီပေးနေသူတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ခြောက်ဦးနဲ့ အမျိုးသမီး နှစ်ဦးတို့ပါဝင်ပြီး သူတို့ဟာ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ဘက်နေ လူမှောင်ခိုပွဲစားတွေ စီစဉ်ပေးမှုနဲ့ တရားမဝင်ဝင်ရောက်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းကြောင့် ထွက်ပြေးလာသူတွေဖြစ်ပြီး ထိုင်းနိုင်ငံက နယ်စပ်လုံခြုံရေးတင်းကျပ်နေချိန်မှာ ပွဲစားတွေနဲ့ မလာရောက်ကြဖို့ မြန်မာအလုပ်သမားအရေးကူညီလုပ်ကိုင်ပေးနေတဲ့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ရဲ့ ဥက္ကဋ္ဌ ဦးမိုးကြိုးက ပြောပါတယ်။
“စစ်မှုထမ်းရမှာကြောက်တဲ့အတွက် လာခဲ့ကြတာလို့ ထွက်ဆိုတယ်။ လက်တလောမှာ ထိုင်းနိုင်ငံက ကျားဖြန့်နှိမ်နှင်းရေး စီမံချက်ခြောက်လအတွင်းမှာ သက်ရောက်တယ်။ ဒီလိုတရားမဝင်ဖြတ်ကျော်တာ လူကုန်ကူးတာတွေမဆိုထားနဲ့ စစ်ဘက်၊ ရဲဘက်ဝန်ထမ်းတွေတောင် ထိထိရောက်ရောက်အရေးယူမယ်လို့ ပြောထားတယ်။ လောဘဇောအတောမသတ်တဲ့ ပွဲစားတွေကို အပြစ်တင်ချင်တယ်။ ဒီလောက်ကျပ်တည်းနေတဲ့အချိန် ကျားဖြန့်နှိမ်နှင်းနေတဲ့ကာလ အသက်အပိုမပါတဲ့အတွက် ကားအမျိုးမျိုးမှာ ပုန်းအောင်းနေတဲ့ မြန်မာတွေရဲ့ဘဝကို မလိုချင်ပါနဲ့”
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့အတွက် တစ်ဦးကို ဘတ် ၁၆၀၀၀ ပေးပြီး စမွတ်ပရာကန်နဲ့ ဘန်ကောက်မြို့အနီးတစ်ဝိုက်မှာ အလုပ်လုပ်ဖို့ လာရောက်တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ကြောင်း အာဏာပိုင်တွေကို ထွက်ဆိုခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ရေးထားပါတယ်။
ဖမ်းဆီးမိတဲ့ ကုန်ကားမောင်းနှင်သူ ထိုင်းယာဉ်မောင်းနဲ့ မြန်မာနိုင်ငံသားရှစ်ဦးကို ထိုင်းအာဏာပိုင်တွေက သက်ဆိုင်ရာရဲစခန်းမှာ ဖမ်းဆီးထားပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုအပါအဝင် လူဝင်မှုကြီးကြပ်ရေးဥပဒေတွေနဲ့ တရားစွဲဆိုခံရမယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ကလည်း အယုဒ္ဓယခရိုင်မှာ အဝေးပြေးယာဉ်ထိန်းရဲတပ်ဖွဲ့က ကုန်တင်ယာဉ်နှစ်စီးမှာ တရားမဝင်ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၃၁ ဦးကို တွေ့ရှိပြီး ဖမ်းဆီးခံခဲ့ရပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလထဲမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို တရားနယ်စပ်ဖြတ်ကျော်မှုနဲ့ မြန်မာနိုင်ငံသား ၇၀၀ နီးပါး ဖမ်းဆီးခံထားရပြီး ထိုင်းအာဏာပိုင်တွေက နယ်စပ်လုံခြုံရေးကို တင်းကျပ်နေတဲ့အတွက် သတိထားကြဖို့ မြန်မာနိုင်ငံသားအရေး ကူညီပေးနေသူတွေက သတိပေးထားပါတယ်။