စစ်ကောင်စီတပ်ကပစ်လို့ လက်တစ်ဖက်ပြတ်ခဲ့တဲ့ ကိုလျှံဖြိုးအောင်ကို မကွေးထောင်မှာချုပ်နှောင်

2021-06-07
Share
စစ်ကောင်စီတပ်ကပစ်လို့ လက်တစ်ဖက်ပြတ်ခဲ့တဲ့ ကိုလျှံဖြိုးအောင်ကို မကွေးထောင်မှာချုပ်နှောင် စစ်ကောင်စီတပ်လက်ချက်နဲ့ လက်တစ်ဖက်ပြတ်ခဲ့ပြီး မကွေးမြို့ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူခဲ့ရတဲ့ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်။
-

 စစ်ကောင်စီတပ်လက်ချက်နဲ့ လက်တစ်ဖက်ပြတ်ခဲ့ပြီး မကွေးမြို့ စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေရတဲ့ အင်ဂျင်နီယာကျောင်းသား ကိုလျှံဖြိုးအောင်ကို ဇွန်လ ၇ ရက် ညနေပိုင်းမှာ မကွေးအကျဉ်းထောင်ကို ပို့ဆောင်ချုပ်နှောင်လိုက်တယ်လို့ ကိုလျှံဖြိုးအောင်ရဲ့ အကိုဖြစ်သူက RFA ကို ပြောပါတယ်။

ကိုလျှံဖြိုးအောင်ဟာ ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့က မကွေးမြို့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲအတွင်း စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက်ပစ်ခတ်မှုနဲ့ နှိပ်စက်ညှဉ်းပန်းမှုကြောင့် ညာလက်ပြတ်ခဲ့ရတဲ့အပြင် ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) နဲ့လည်း အမှုဖွင့်ခံထားရတာပါ။ ဇွန်လ ၇ ရက်နေ့မှာတော့ ကိုလျှံဖြိုးအောင် စွဲဆိုခံထားရတဲ့ အမှုကို အချုပ်နဲ့ ရင်ဆိုင်ဖို့ မကွေးမြို့ ဒေါင်းနေအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်လိုက်တာ ဖြစ်ပါတယ်။

ကိုလျှံဖြိုးအောင်ရဲ့ ဆေးရုံဆင်းလက်မှတ် လာထုတ်ရင် အကြောင်းကြားဖို့ ရဲစခန်းက ညွှန်ကြားထားပြီး ဆေးရုံဆင်းလက်မှတ် ထုတ်ယူပြီးပြီးချင်းမှာပဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ခေါ်ဆောင်သွားတာလို့ ဆိုပါတယ်။

"ဆရာဝန်ကြီးတွေဆီက ဆေးရုံဆင်းလက်မှတ် ရတဲ့အချိန်မှာ ကျနော့်ညီလေးကို ရဲ လေးငါးယောက် လာခေါ်ပြီး ဒေါင်းနေထောင်ကို ပို့လိုက်တာပါဗျ"

လက်ရှိမှာ ကိုလျှံဖြိုးအောင်ဟာ ဆက်ပြီး ဆေးကုသမှုခံယူဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ ညာဘက်မျက်လုံးကို မျက်ကြည်လွှာ အစားထိုးကုသဖို့ အရေးပေါ် လိုအပ်နေကြောင်းနဲ့ ရာဘာကျည် ထိမှန်ထားတဲ့ ဘယ်ခြေထောက်ကိုလည်း ဆက်ပြီးကုသဖို့ လိုသေးတယ်လို့ ကိုလျှံဖြိုးအောင်ရဲ့ အကိုဖြစ်သူက ပြောပါတယ်။

"မကွေးက မျက်စိအထူးကုတွေနဲ့ ပြကြည့်တော့ မျက်ကြည်လွှာအစားထိုးဖို့ လိုတယ်လို့ ပြောပါတယ်။ မျက်ကြည်လွှာအစားထိုးဖို့က မကွေးမှာတော့ မဖြစ်နိုင်ပါဘူး။ မျက်စိအထူးကုပါရဂူကြီးတွေ ရှိတဲ့ ရန်ကုန်၊ မန္တလေး မျက်စိဆေးရုံကြီးတွေမှာ မျက်ကြည်လွှာ အစားထိုးကုသနိုင်မှာပါ။ မျက်လုံးက မျက်ကြည်လွှာအစားထိုးပြီး ကုနိုင်မယ်ဆိုရင်တောင် ၅ဝ/ ၅ဝ ပဲ ကောင်းဖို့ရှိပါတယ်။ မျက်စိကို ကုသနိုင်ဖို့ အမှုပြီးပြတ်ဖို့ လိုပါတယ်။ ဒဏ်ရာကြီးနဲ့ တရားစွဲဆိုခံထားရတော့ လွတ်လွတ်လပ်လပ် ဆေးကုသလို့ မရဘူး ဖြစ်နေပါတယ်ဗျ"

မတ်လ ၂၇ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်၊ နှိပ်စက် ညှဉ်းပန်းမှုအတွင်း ကိုလျှံဖြိုးအောင်ရဲ့ညာဘက်လက် ပြတ်ကျ ပျက်စီးခဲ့ပြီး လက်ကောက်ဝတ် အထက်နားအထိ ဖြတ်လိုက်ရတာပါ။ ဒီဒဏ်ရာတွေအပြင် မျက်နှာဘယ်ဘက်မှာ အက်ကွဲဒဏ်ရာ၊ လက်နဲ့ ခြေထောက်တွေမှာ ရာဘာကျည် ထိမှန်ထားတဲ့ ဒဏ်ရာ၊ ညာမျက်လုံးမှာ ယမ်းစထိမှန်အပြီး သေနတ်ဒင်နဲ့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ စစ်ဆေးရုံမှာ ဆေးကုသမှု ခံယူခဲ့ရတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့