မလွှကုန်းမီးရထားဝင်းက CDM ဝန်ထမ်းတွေ ထွက်ပြေးတိမ်းရှောင်နေရ

ကိုဂျေ(ဝါရှင်တန်ဒီစီ)
2021.03.10

မင်္ဂလာတောင်ညွှန့် မြို့နယ် မလွှကုန်းမီးရထားဝင်းကို မတ်လ ၁၀ ရက် နံနက် ၆ ခွဲလောက်မှာ စစ်ကားနဲ့ ရဲကား ၁၀ စီးကျော် လက်နက်ကိုင်အင်အားအပြည့်နဲ့ ဝန်ထမ်းရပ်ကွက်ကို ဝင်လာခဲ့ကြပါတယ်။ ရပ်ကွက်က ပိတ်ဆို့ထားတဲ့ အရံအတား၊ သံတံခါးဂိတ်တွေကို ဖျက်ဆီးပြီး ဝင်လာခဲ့ကြတာပါ။

အဲဒီ စစ်သားနဲ့ ရဲအင်အားတစ်ရာကျော်ဟာ CDM လုပ်နေတဲ့ မီးရထားဝန်ထမ်းတွေကို ပိတ်ဆို့ရှာဖွေ ဖမ်းဆီးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ မလွှကုန်းမီးရထား စက်ခေါင်းမောင်း ဝန်ထမ်းတွေဟာ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့အနေနဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM လုပ်ခဲ့ကြပါတယ်။

စစ်သားနဲ့ ရဲတွေက မီးရထားစက်ခေါင်းမောင်းဝန်ထမ်းတွေကို လာရောက်တွေ့ဆုံဖို့ ကြေညာခဲ့ပါတယ်။ ထွက်ပြေးတာတွေ မလုပ်ကြဖို့၊ ရပ်ကွက်အတွင်း စစ်ဆေးစရာရှိတယ်လို့ ကြေညာတာကြောင့် ဝန်ထမ်းအိမ်ရာမှာနေထိုင်သူတွေ စိုးရိမ်ထိတ်လန့်ပြီး ထွက်ပြေးခဲ့ ကြပါတယ်။ မနက်ပိုင်းကနေ ညနေ ၆ နာရီဝန်းကျင်အတွင်းမှာ ဝန်ထမ်းတချို့ကို ဖမ်းဆီတာတွေ ရှိတာကြောင့် တိမ်းရှောင်ခဲ့ကြတာ ဖြစ်တယ်လို့ ထွက်ပြေးလာသူတွေက ပြောပါတယ်။

မလွှကုန်း မီးရထားဝင်းမှာ ဝန်ထမ်းအင်အား ၉၀၀ လောက်ရှိပြီး အကုန်လုံးနီးပါးက CDM လှုပ်ရှားမှုမှာ ပါဝင်နေကြတာပါ။ အဲဒီရပ်ကွက်ထဲမှာ ဝန်ထမ်းနဲ့ မိသားစုဝင်တွေ စုစုပေါင်း ထောင်နဲ့ချီ နေထိုင်ကြတာပါ။ ရပ်ကွက်ထဲ ဝင်ရောက်လာတဲ့ စစ်တပ်နဲ့ရဲတွေဟာ CDM လုပ်နေတဲ့ ဝန်ထမ်းမိသားစုတွေအတွက် ပြည်သူတွေက လှူဒါန်းထားတဲ့ ဆန်နဲ့ ပစ္စည်းတွေကိုလည်း ယူဆောင်သွားခဲ့ကြတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။ တချို့ ဝန်ထမ်းအိမ်ရာတွေမှာ အသက်ကြီးပိုင်းတွေ ကျန်းမာရေး မကောင်းသူတွေကတော့ ဆက်လက်နေထိုင်နေကြဆဲ ဖြစ်ပြီး တချို့ ကျန်းမာရေး မကောင်းသူတွေပါထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။ အခုလို လုပ်ရပ်မျိုးက အာဏာသိမ်းစစ်ကောင်စီအနေနဲ့ မလုပ်သင့်ဘူးလို့ ဝန်ထမ်းအိမ်ရာကနေ တိမ်းရှောင်လာသူတဦးက ပြောပါတယ်။

ရပ်ကွက်ထဲမှာ ပစ်ခတ်တာ ထိပ်တိုက်ရင်ဆိုင်တွေ့တာ မရှိပေးမယ့် CDM လုပ်နေတဲ့ ဝန်ထမ်းတွေက သူတို့ရဲ့ အိမ်ရာတွေကို စွန့်ခဲ့ကြတာ ဖြစ်ပါတယ်။ ဝန်ထမ်းတွေ အနေနဲ့ကတော့ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို မလွှတ်ပေးမချင်း CDM လုပ်တာကို ရပ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။

မလွှကုန်း မီးရထားဝန်ထမ်းအိမ်ရာနဲ့ ပတ်သက်တဲ့ သတင်းတွေ ဖေစ်ဘုတ်လူမှုစာမျက်နှာမှာ တက်ချိန်ကစပြီး အဲဒီဝန်ထမ်းတွေပြောင်းရွှေ့နေထိုင်ရေး စားသောက်ရေး ကျန်းမာရေး အကူအညီပေးချင်သူတွေ ပေါ်ထွက်ခဲ့ပြီး လာရောက်ကူညီတာတွေ ရှိခဲ့တယ်လို့ ရပ်ကွက်နေ အမည်မဖော်လိုသူတဦးက RFA ကိုပြောပါတယ်။

ကိုယ်လွတ်ရုန်း ထွက်ပြေးလာတဲ့ မိသားစုတွေ အကူအညီမဲ့နေတဲ့ ဗီဒီယို ဓာတ်ပုံတွေလည်း ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ ဆက်တိုက် ပေါ်ထွက်နေဆဲ ဖြစ်ပါတယ်။ အကူအညီပေးလိုသူတွေ ရှိနေပေမယ့် အများစုကတော့ သူတို့ရဲ့ ဆွေမျိုးညီအစ်ကိုမောင်နှမတွေဆီကို ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ ဝန်ထမ်းအိမ်ရာကနေ ထွက်ပြေးလာသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။