မလှိုင်မြို့မှာ စစ်ကောင်စီခန့် ရာအိမ်မှူးနဲ့ ဇနီးဖြစ်သူ ပစ်သတ်ခံရ

RFA Burmese
2024.06.19
မလှိုင်မြို့မှာ စစ်ကောင်စီခန့် ရာအိမ်မှူးနဲ့ ဇနီးဖြစ်သူ ပစ်သတ်ခံရ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့အဝင်တစ်နေရာကို တွေ့ရစဉ်။
Citizen Photo

မန္တလေးတိုင်း၊ မလှိုင်မြို့နယ် သရက္ကန်ရွာ ရာအိမ်မှူးနဲ့ ဇနီးဖြစ်သူတို့ကို ဇွန်လ ၁၅ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရာအိမ်မှူး ကိုစိန်မြင့်အောင်နဲ့ ဇနီး မတင်ဆန်းတို့ဟာ ဆိုင်ကယ်နဲ့ ကျောက်တွင်းရွာဘက်ကိုထွက်လာချိန် PDF တွေက စစ်ဆေးဖို့တားခဲ့ပေမဲ့ မရပ်ပေးဘဲ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်သတ်ခံခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီရာအိမ်မှူးဟာ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအတွက် လူသစ်စုဆောင်းရာမှာ အားတက်သရော ကူညီနေသူ ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“စစ်တပ်အတွက်ကို နာမည်စာရင်းကောက်တာ၊ မဲဖောက်တာတွေကို လုပ်ပေးနေတာ။ အခုလည်း PDF တွေကိုတွေ့ပြီး ကြောက်အားလန့်အားနဲ့ ပြေးရင်း ဖြစ်သွားတာပါ"

သူတို့နှစ်ဦးဟာ ပစ်ခတ်ခံရတဲ့နေရာမှာတင် သေဆုံးခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ကာကွယ်ရေးအဖွဲ့တွေဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။

RFA က ပြုစုထားတဲ့ စာရင်းအရ စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်းကနေ ဇွန်လ ၁၅ နေ့အထိ နိုင်ငံတစ်ဝန်းမှာ လူသစ်စုဆောင်းတာကို ကူညီနေတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ၈၃ ဦးအထိ သတ်ဖြတ်ခံခဲ့ရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။