မလေးရှားနိုင်ငံဘော်နီယိုကျွန်း အရှေ့မြောက်ပိုင်း ဆာဘားပြည်နယ် ကမ်းရိုးတန်းရေစပ်မှာ တဲထိုးပြီး ဒါမှမဟုတ် သစ်သားလှေတွေပေါ်မှာ နေထိုင်ကြတဲ့ အထောက်အထားမဲ့ လူ ၅၀၀ ကျော်ကို တာဝန်ရှိသူတွေက ဖယ်ရှားပစ်လိုက်တယ်လို့ ဒေသတွင်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
အင်္ဂါနေ့ကစလို့ အိမ်တွေကို မီးရှို့ပြီး ဖျက်ဆီးပစ်တယ်လို့ ဘန်ကောက်ပို့စ်က ဇွန် ၆ ရက်က ဖော်ပြပါတယ်။ ဆာဘားခရိုင်မှာ နိုင်ငံမဲ့နေထိုင်သူတွေနဲ့ နေထိုင်ခွင့် အထောက်အထားမဲ့ သူ တစ်သန်းလောက်ရှိတယ်လို့ ခန့်မှန်းရပြီး ဒါဟာ ပြည်နယ်မှာရှိတဲ့ လူဦးရေ စုစုပေါင်းရဲ့ သုံးပုံတစ်ပုံရှိတယ်လို့ ဆိုပါတယ်။
ဒါဟာ အထောက်အထားမဲ့ နေရပ်ရွှေ့ပြောင်းလာသူတွေကို မလေးရှား အစိုးရက နှိမ်နင်းနေတာရဲ့ အစိတ်အပိုင်းတစ်ရပ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။
ကွာလာလမ်ပူ မြို့တော် ကို စာရွက်စာတမ်း အထောက်အထားမဲ့ ရွှေ့ပြောင်းလာတာတွေ ရပ်ဆိုင်းသွားအောင် မြို့တော်အတွင်းနဲ့ မြို့တော် တစ်ဝိုက်မှာ အခြေချနေထိုင်နေသူတွေကို အာဏာပိုင်တွေက စတင်နှိမ်နင်းနေတယ်လို့လည်း CNA သတင်းက ဇွန် ၆ ရက်က ဖော်ပြပါတယ်။
မလေးရှားမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခံသူနဲ့ ဒုက္ခသည် တစ်သန်း ရှစ်သောင်းခွဲကျော် (၁၈၈၂၀၀) က ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှာ မှတ်ပုံတင်ထားပြီး ဒီထဲက ၈၇ ရာခိုင်နှုန်း လောက်က မြန်မာနိုင်ငံက ဖြစ်ပါတယ်။ အများစုကတော့ ရိုဟင်ဂျာတွေဖြစ်ပြီး ဒုက္ခသည် ၅၂၂၀၀ ဟာ ၁၈ နှစ်အောက်အရွယ်မရောက်သေးသူတွေ ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးအဖွဲ့၊ ရဲအဖွဲ့နဲ့ မြို့ကောင်စီ ပူးပေါင်းအဖွဲ့က အင်အား ၁၀၀ ကျော်နဲ့ မိသားစု ၃၀ လောက်၊ အများစုက ရိုဟင်ဂျာတွေ နေထိုင်နေတဲ့အိမ်တွေကို မေ ၂၈ ရက်ညဘက်က ဝင်ရောက်ရှင်းလင်းခဲ့ပါတယ်။