ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးဖို့ မလေးရှားလွှတ်တော်အမတ်တွေစုပေါင်းတောင်းဆို

RFA Burmese
2023.09.19
ဒေါ်အောင်ဆန်းစုကြည်ကို ဆေးကုသခွင့်ပေးဖို့ မလေးရှားလွှတ်တော်အမတ်တွေစုပေါင်းတောင်းဆို ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တွင် ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ် တက်ရောက်လာသော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်။
Reuters

ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ပြင်ပဆရာဝန်နဲ့ ချက်ချင်းဆေးကုသခွင့်ပေးဖို့ မလေးရှားလွှတ်တော်အမတ် အယောက် ၁၃ဝ ကျော် စုပေါင်းလက်မှတ်ထိုးပြီး စစ်ကောင်စီကို တောင်းဆိုလိုက်ပါတယ်။

မလေးရှားလွှတ်တော်ထဲ အမတ် ၂၂၂ ဦးရှိတဲ့ထဲက အတိုက်အခံနဲ့ အာဏာရပါတီ နှစ်ဖက်လုံးက လွှတ်တော်အမတ် ၁၃၅ ဦး ပူးပေါင်းပြီး စက်တင်ဘာလ ၁၉ ရက်နေ့က ပူးတွဲကြေညာချက် ထုတ်ပြန်တောင်းဆိုခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံထားရသူတွေ အားလုံးကို လွှတ်ပေးဖို့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကိုလည်း စိုးရိမ်နေတယ်လို့ ကြေညာချက်ထဲမှာ ပြောထားပါတယ်။

အာဆီယံအသိုင်းအဝိုင်းက လွှတ်တော်အမတ်တွေအနေနဲ့လည်း မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်သင့်တယ်လို့ ဆိုပါတယ်။

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း ဆိုင်ဖူဒင် အဗ္ဗဒူလာကလည်း အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့နဲ့ ထဲထဲဝင်ဝင် ဆွေးနွေးပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ ကြိုးစားသင့်ကြောင်း ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သွားဖုံးရောင်ပြီး သွားကိုက်နေတာကြောင့် ပြင်ပသွားဆရာဝန်နဲ့ ကုသနိုင်ဖို့ ထောင်အာဏာပိုင်တွေကို တောင်းဆိုပေမဲ့ ထောင်ဆရာဝန်ကပဲ လာရောက်စစ်ဆေးပေးခဲ့ပြီး ပြင်ပဆရာဝန်နဲ့ကုသခွင့်ရဖို့ ကြန့်ကြာနေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက RFA ကို ပြောထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့သားဖြစ်သူ ကင်မ် အဲရစ်ကလည်း ဖမ်းဆီးခံထားရတဲ့ မိခင်ဖြစ်သူရဲ့ ကျန်းမာရေးကို စိုးရိမ်နေပြီး အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လို့ တောင်းဆိုတာကို ငြင်းပယ်ခံထားရတဲ့အပေါ် ပူပန်နေတဲ့အကြောင်း ဒီလထဲမှာပဲ ထုတ်ဖော်ပြောကြားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။