မြန်မာ့အရေး အိမ်နီးချင်းနိုင်ငံတွေအတွက် စိန်ခေါ်မှုတွေရှိလာကြောင်း မလေးရှားပြော

မြန်မာနိုင်ငံအရေးဟာ အိမ်နီးချင်းနိုင်ငံတွေအတွက် စိန်ခေါ်မှုတွေရှိလာကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် က ပြောလိုက်ပါတယ်။

ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ရမ်ဘာ (Rambau) မဲဆန္ဒနယ်အတွင်းက ဗလီတွေအတွက် ရာမဇန် လှူဒါန်းငွေ တင်ပြတဲ့ အခမ်းအနားအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာလို့ မလေးရှားအခြေစိုက် The Sun သတင်းမှာ မနေ့က ဖော်ပြပါတယ်။

လူကုန်ကူးမှု၊ အွန်လိုင်းလိမ်လည်မှု၊ ဆိုက်ဘာရာဇ၀တ်မှု၊ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့အမှု စတာတွေဟာ နိုင်ငံတကာအတွက် စိုးရိမ်စရာဖြစ်လာနေပြီး မလေးရှားအပါအဝင် အိမ်နီးချင်းနိုင်ငံတွေအတွက်လည်း စိန်ခေါ်မှုတွေ ဖြစ်လာစေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

မလေးရှားနိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်း လူကုန်ကူးမှုတိုက်ဖျက်ဖို့၊ ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အနာဂတ်ကို ကူညီစောင့်ရှောက်ဖို့ ကတိကဝတ်ပြုထားတဲ့အတိုင်း အခိုင်အမာ ဆက်လက်ရပ်တည်နေကြောင်းလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်နိုင်မှသာ ပဋိပက္ခဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ အတားအဆီးမရှိ ပို့ဆောင်နိုင်မှာဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြပါတယ်။

မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေအဆုံးသတ်ဖို့နဲ့ ပြည်တွင်းရေး ပြန်တည်ငြိမ်ဖို့ အာဆီယံအနေနဲ့ မျှော်လင့်ပြီး ဒါမှသာ ရွေးကောက်ပွဲဖြစ်မြောက်ရေး ဆွေးနွေးနိုင်မှာလို့ ပြောဆိုခဲ့ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။

မလေးရှားနိုင်ငံဟာ ဒီနှစ် ၂၀၂၅ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေတာဖြစ်ပါတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို အာဆီယံအဖွဲ့ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အနေနဲ့ မလေးရှားဝန်ကြီးချုပ်က ခန့်အပ်ထားပါတယ်။

မလေးရှားဝန်ကြီးချုပ်နဲ့ သက်ဆင်ရှင်နာဝပ်တို့ဟာ ဖေဖော်ဝါရီ ၂ ရက်နေ့က တွေ့ဆုံဆွေးနွေးရာမှာ မြန်မာ့အရေးကိုလည်းဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။