မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်တို့ မြန်မာ့အရေးအပါအဝင် ခရစ်တိုငွေကြေးကိစ္စတွေကို ဖေဖော်ဝါရီ ၂ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အန်ဝါအီဘရာဟင်က ဖေ့ဘွတ်စ်လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ပါတယ်။
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအချက်တွေကို ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ တိတိကျကျထုတ်ပြန်တာမရှိပါဘူး။
အန်ဝါအီဘရာဟင်နဲ့ သက်ဆင်ရှင်နာဝပ်တို့ဟာ ညနေပိုင်းမှာလည်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျော့ချ်ယိုနဲ့ ဆက်လက်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ပေမဲ့ အဲဒီဆွေးနွေးပွဲမှာ ဘယ်ကိစ္စတွေ ဆွေးနွေးခဲ့တယ်ဆိုတာကို ထည့်သွင်း ပြောဆိုတာမရှိပါဘူး။
မလေးရှားနိုင်ငံဟာ ဒီနှစ် ၂၀၂၅ ခုနှစ်အတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အလှည့်ကျဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်နေတာဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို အာဆီယံအဖွဲ့ဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အနေနဲ့ မလေးရှားဝန်ကြီးချုပ်က ခန့်အပ်ထားတာ ဖြစ်ပါတယ်။
မလေးရှားဝန်ကြီးချုပ်က သက်ဆင်ကို အကြံပေးခန့်ခဲ့တာကို လူ့အခွင့်ရေးအဖွဲ့တွေက ဝေဖန်တာတွေလည်း ရှိပါတယ်။