မန္တလေးမြို့ ဇူလိုင် (၇) ရက် အခမ်းအနား

မန္တလေးမြို့ အထက်ဗမာပြည် ဗကသက ကျောင်းသား (၈) ဦး အဖမ်းဆီးခံနေရစဉ် အတောအတွင်းမှာပဲ ကျန်ရှိနေတဲ့ ဗကသ ကျောင်းသားတွေက မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (၆၂) လမ်းမှာရှိတဲ့ မြဝတီမင်းကြီး ကျောင်းတိုက်မှာ ဒီကနေ့ ကျရောက်တဲ့ အနှစ် (၅၀) မြောက် ဇူလိုင် (၇) ရက် အခမ်းအနားကို ပြုလုပ်ခဲ့ပါတယ်။

2012.07.07

မနက် (၆) နာရီမှာ သံဃာတော်တွေကို အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပြီး မနက် ၉ နာရီခွဲမှာ အနှစ် (၅၀)မြောက် ဇူလိုင ်(၇) ရက် အခမ်းအနားကို ကျင်းပခဲ့ရာမှာ မြဝတီကျောင်းတိုက် ဆရာတော်၊ ၆၂ မျိုးဆက် မန္တလေး ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးသက်တင်နဲ့ အထက်ဗမာပြည် ဗကသ ကိုရဲရင့်ကျော်တို့က အမှတ်တရ စကားများ ပြောကြားပြီး ရှေ့ဆက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်များကို ဆွေးနွေး တိုင်ပင် ကြတယ်လို့ အထက်ဗမာပြည် ဗကသ ဗဟိုလုပ်ငန်း ကော်မတီ တွဲဘက် အထွေထွေ အတွင်းရေးမှူး(၁) ကိုဝင်းမင်းသန်းက ပြောပါတယ်။

“အဓိက ပြောဖြစ်တာကတော့ ဆရာတော် အနေနဲ့ကတော့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းပေါ် မူတည်ပြီးတော့ နှစ်ဘက်လုံး လျှောက်သာနိုင်တဲ့ လမ်းကြောင်းတခုက နေပြီးတော့ လျှောက်ဖို့ အဓိကထား ပြောကြားသွားတာ ဖြစ်ပါတယ်၊ ကိုသက်တင် အနေနဲ့ ပြောတာကတော့ သမိုင်းကြောင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပြောပါတယ်၊ ကျနော်တို့ ဗကသကို ကိုယ်စားပြုပြီး ကိုရဲရင့်ကျော် ပြောတဲ့ ပုံစံကတော့ ဒီနေ့ ဖမ်းဆီးသွားတဲ့ ကိစ္စတွေ ဒီအာဏာပိုင်တွေ လုပ်သွားတဲ့ ကီစ္စတွေ အပေါ်မှာ ကျနော်တို့ ကျောင်းသားထု အနေနဲ့ မခံမရပ်နိုင် ဖြစ်မိတယ်၊ အတိအလင်း ဝေဖန်ပြီးတော့ ပြောကြားသွားတာ ဖြစ်ပါတယ်”

အခမ်းအနားကို ဆရာတော်၊ သံဃာတော်များ၊ နိုင်ငံရေးသမားများ၊ ကျောင်းသား သမဂ္ဂ အသီးသီးက အဖွဲ့ဝင်ဟောင်းများ၊ ကိုယ်စားလှယ်များ လူအင်အား (၁၀၀) ခန့် တက်ရောက်ကြတယ်လို့ သိရပါတယ်၊ ဒီအခမ်းအနားမှာ ကျောင်းသားသမဂ္ဂ အဆောက်အဦး ပေါ်ပေါက်ရေး အတွက် ဦးမောင်မောင်ဦး၊ ဒေါ်အမာနီ၊ ဒေါ်ဝေဝေလွင် စတဲ့သူတွေပါဝင်တဲ့ အဖွဲ့တခ ုကိုလည်း ဖွဲ့စည်းခဲ့တယ်လို့ ဦးတင်သစ်က အခုလို ပြောပါတယ်

“အဓိက ကတော့ ကျနော်တို့ ရန်ကုန် တက္ကသိုလ် သမိုင်းဝင် ကျောင်းသား သမဂ္ဂ အဆောက်အအုံပေါ့ဗျာ၊ ဒါကိုပြန်လည် တည်ဆောက်ရေး အတွက် ၈၈ မျိုးဆက် ခေါင်းဆောင်တွေ ရန်ကုန်မှာ ကော်မတီလေးတခု ဖွဲ့လိုက်တယ်လို့ ကျနော်တို့ သိရပါတယ်၊ အဲဒါကို မန္တလေး အနေနဲ့ အထောက်အကူပြု ပေးဖို့ပေါ့ဗျာ၊ လိုအပ်တဲ့ ရန်ပုံငွေ ရှာဖွေနိုင်အောင် နောက်ပြီး သမဂ္ဂ အဆောက်အအုံ ပြန်လည် ဆောက်ခွင့်ရရေးမှာလည်း ကျနော်တို့ တွန်းအားတခု ဖြစ်အောင်လို့ ဆိုပြီးတော့ ဒါမန္တလေး အနေနဲ့ အထောက်အကူပြု ကော်မတီတခု ဖွဲ့လိုက်တာပါ”

မနေ့က အထက်ဗမာပြည် ဗကသအဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ ကိုအောင်မှိုင်းဆန်း၊ ကိုသန်းထိုက်၊ ကိုအောင်ကျော်မိုး ၊ ကိုမင်းခန့်၊ ရွှေဘိုခရိုင် ကျောင်းသား သမဂ္ဂက ကိုပြည့်ဖြိုးကျော်၊ ကိုခင်ဦး၊ ကိုဝက်သန်း၊ မဌေးဌေးဦးနဲ့ ကျောင်းသားဟောင်း တဦးဖြစ်တဲ့ ကိုမောင်မောင်လွင်တို့ (၉) ဦးကို အာဏာပိုင်တွေက ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။