မန္တလေး နန်းတွင်းက စစ်ကောင်စီတပ်နဲ့ နေရာတချို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ

RFA Burmese
2024.09.03
မန္တလေး နန်းတွင်းက စစ်ကောင်စီတပ်နဲ့ နေရာတချို့ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရ မန္တလေးမြို့တွင် ရှော့တိုက်ဒုံး ကျရောက်ပေါက်ကွဲခဲ့သည့်နေရာကို ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။
Telegram/စွမ်းအားရှင်

မန္တလေးမြို့က စစ်ကောင်စီတပ်ရဲ့ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်ထားတဲ့ နန်းတွင်းနေရာနဲ့ လူနေရပ်ကွက်ထဲက နေရာသုံးနေရာခန့်ကို စက်တင်ဘာ ၃ ရက် ဒီနေ့မနက်စောပိုင်းမှာ ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေက RFA ကို ပြောပါတယ်။

မနက် လေးနာရီဝန်းကျင်မှာ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေးနန်းတွင်းအပါအဝင် နန်းတွင်းမြောက်ဘက်မှာရှိတဲ့ လူနေရပ်ကွက်ထဲက နေရာတချို့ကို ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။

တိုင်းစစ်ဌာနချုပ်နေရာအပြင် လူနေရပ်ကွက်ထဲက အဆောက်အအုံအမြင့်ပေါ်မှာ ကင်းချနေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေ ရှိတဲ့နေရာမှာပါ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အောင်မြေသာစံ မြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက် လေးနာရီလောက်ကနေ အသံတွေ စကြားတာ။ လမ်း ၈၀ ၊ ၁၁ လမ်းနဲ့ ၁၂ လမ်းကြား တိုက်အပေါ်ထပ်ရယ်၊ ၈၉ လမ်းဘက်ရယ်၊ နောက်အမှတ် (၄) ရဲစခန်း၊ မတ္တရာအထွက်က ရွှေကျင်တိုးဂိတ်ရယ်၊ နန်းတွင်းထဲလည်း နှစ်လုံးကျတယ်။ အဲဒီနေရာတွေက သူတို့ (စစ်ကောင်စီတပ်) ရှိတယ်။ လမ်း ၈၀ ၊ ၁၁ လမ်းနဲ့ ၁၂ လမ်းကြား တိုက်အပေါ်ထပ်ဆိုရင် စနိုက်ပါရှိတယ် ပြောတယ်”

ရှော့တိုက်ဒုံးတွေ ကျရောက်ပေါက်ကွဲခဲ့လို့ လူထိခိုက်သေဆုံးမှု ရှိ၊ မရှိ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို မန္တလေး မြို့ပြပြောက်ကျား အဖွဲ့တစ်ခုဖြစ်တဲ့ Shadow Mandalay အဖွဲ့က အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာလို့ Brave Warriors for Myanmar-BWM အဖွဲ့က ဒီနေ့ ထုတ်ပြန်ပါတယ်။

၁၀၇ မမ ရှော့တိုက်ဒုံး ဆယ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာမှာ ခုနစ်လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ PDF ပူးပေါင်းတပ်တွေ ဆင်နွဲနေတဲ့ ရှမ်း-မန်း စစ်ဆင်ရေးကို ပူးပေါင်းပါဝင်တဲ့အနေနဲ့ တိုက်ခိုက်တာလို့ BWM က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရန် ချန်နယ်တွေမှာတော့ ဒီတိုက်ခိုက်မှုကြောင့် အရပ်သား သေဆုံး၊ ထိခိုက်မှုတွေ ရှိတယ်လို့ ရေးသားဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂ ရက်နေ့ကလည်း မန္တလေးမြို့ နန်းတော်နဲ့ ကျုံးတောင်ဘက် နေအိမ်တစ်လုံးပေါ်ကို လက်နက်ကြီးကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ်ထိခိုက်ပျက်စီးခဲ့ပါတယ်။

မန္တလေးတိုင်းထဲက မိုးကုတ်၊ စဥ့်ကူး၊ တကောင်း၊ သပိတ်ကျင်း စတဲ့မြို့တွေကို တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားချိန် စစ်ကောင်စီတပ်ဟာ မန္တလေးမြို့မှာ လုံခြုံရေးပိုတင်းကျပ်လာသလို လူနေရပ်ကွက်တွေက အဆောက်အအုံ အမြင့်တွေမှာလည်း နေရာယူတပ်စွဲထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။