ငါန်းဇွန်မြို့နယ်မှာ လူနှစ်ဦး သတ်ဖြတ်ခံရ
2023.09.26
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ပေါက်စိမ်းကျေးရွာ၊ မြို့သာ-မြင်းခြံသွား ကားလမ်းပေါ်မှာ လက်ပြန်ကြိုးတုပ်လျက် ပစ်သတ်ခံထားရတဲ့ အလောင်း နှစ်လောင်း စက်တင်ဘာ ၂၅ ရက် မနက်က တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သတ်ဖြတ်ခံရသူတွေက မြင်းခြံမြို့နယ် နဘူးအိုင်ကျေးရွာမှာနေပြီး မုန့်တီလုပ်ငန်း လုပ်ကိုင်နေတဲ့ အသက် ၆၂ နှစ် အရွယ် ဦးလှနီနဲ့ သူ့ရဲ့သားဖြစ်သူ အသက် ၃၃ နှစ်အရွယ် ကိုသိန်းဆွေဦး ဖြစ်တယ်လို့ ပြောပါတယ်။
ကိုသိန်းဆွေဦးက မြင်းခြံ စိုက်ပျိုးရေးဦးစီးဌာနကနေ အကြမ်းမဖက် အာဏာဖီဆန်ရေး(CDM) မှာ ပါဝင်သူ တစ်ဦး ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၄ ရက်နေ့ ည ၁၀ နာရီခွဲခန့်မှာ ကား နှစ်စီးနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ အရပ်ဝတ် ၂၅ ဦးခန့်က သူတို့နေအိမ်ကို ဝင်ရောက်စီးနင်း ခေါ်ဆောင်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
"အိမ်ထဲမှာ သူတို့ကို ရိုက်နှက်ပြီး ဦးလှနီရဲ့သား ကတုံး (ခေါ်) ကိုသိန်းဆွေဦး သားအဖ နှစ်ယောက်ကို ခေါ်သွားတယ်ဗျ။ ၂၄ ရက် ညကနေပြီးတော့ ပေါက်စိမ်းအရှေ့ဘက် ဇရပ်မှာ သတ်ပြီးတော့ ဇရပ်ပေါ်ကို အလောင်းတွေ တင်သွားတာ။"
စက်တင်ဘာ ၂၆ ရက် မနက် ၈ နာရီခန့်မှာ မိသားစုဝင်တွေက ရုပ်အလောင်းတွေကို သင်္ဂြိုဟ်လိုက်တယ်လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၁၅ ရက်ခန့်က ပျူစောထီးအဖွဲ့တွေရဲ့ ထောက်တိုင်ဖြစ်တဲ့ ရွှေဘုံသာရွာက အုပ်ချုပ်ရေးမှူး ဦးမောင်မောင် သတ်ဖြတ်ခံရတာနဲ့ ဆက်စပ်ပြီး ဖမ်းဆီးသတ်ဖြတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဦးလှနီနဲ့ ကိုသိန်းဆွေဦး အသတ်ခံရတာဟာ ပျူစောထီးအဖွဲ့ဝင်တွေ လက်ချက်လို့ ဒေသခံတွေက ပြောဆိုပြီး စစ်ကောင်စီကို ထောက်ခံရေးသားနေတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ သတ်ဖြတ်ခဲ့တာလို့ ရေးသားဖော်ပြနေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။
ငါန်းဇွန်မြို့နယ်မှာ စက်တင်ဘာလအတွင်း စစ်ကောင်စီ စစ်ကြောင်းဝင်ရောက်ပြီးနောက် ဒေသခံ ခြောက်ဆယ်ကျော် ဖမ်းဆီးခံထားရပြီး ငွေနဲ့ ပြန်ရွေးခိုင်းတာကြောင့် ပြန်လွတ်မြောက်လာသူတချို့လည်းရှိတယ်လို့ ပြောပါတယ်။
ငါန်းဇွန်မြို့နယ်မှာ စက်တင်ဘာလအတွင်းမှာပဲ သတ်ဖြတ် စွန့်ပစ်ထားတဲ့ ရုပ်အလောင်း ၁၀ လောင်း ထက်မနည်း တွေ့ရှိထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။