မန္တလေးမြို့မှာ လာမယ့် မေလ ၁၄ ရက် စနေနေ့မှာ စစ်ကောင်စီက ဦးစီးပြုလုပ်မယ့် ကဆုန် လပြည့်နေ့ ဆွမ်းလောင်းပွဲကို သပိတ်မှောက်ဆန့်ကျင်ကြဖို့ သံဃသမဂ္ဂ (မန္တလေး) က မေလ ၁၀ ရက် ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီက သံဃာ အပါး ၁၀၂၆၄ ပါးကို မန္တလေးမှာ ဆွမ်းဆန်စိမ်းလောင်းပွဲ ပြုလုပ်မယ်လို့ ကြေညာထားပြီး ဒါကို သံဃသမဂ္ဂ (မန္တလေး) က ဆန့်ကျင်ကြဖို့ တိုက်တွန်းထားတာလို့ သံဃ သမဂ္ဂ (မန္တလေး) က ဆရာတော် တစ်ပါးက မိန့်ပါတယ်။
"ရဟန်းသံဃာတော်တွေဆိုတာ ပစ္စည်းလေးပါး ဒကာ၊ ဒကာမ၊ ပြည်သူတွေကို မှီခိုပြီးတော့ ရပ်တည်နေရတဲ့ သံဃအဖွဲ့အစည်းဖြစ်တယ်။ အခုလက်ရှိ ပြည်သူတွေရဲ့ ကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာ ရှိတယ်။ သူတို့ အိုးအိမ်စည်းစိမ် အတင်းအဓမ္မ လုယူသိမ်းပိုက်ခံရတာ ရှိတယ်။ အဲဒီလိုအဖွဲ့အစည်းက ပြည်သူတွေ၊ သံဃာတွေကို လှည့်စားပြီး သာသနာပြုနေ ပါတယ် ဆိုတဲ့ ပုံစံမျိုး စနစ်တကျနဲ့ စီစဉ်တာပေါ့"
စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ ပြည်သူတွေရဲ့ အိုးအိမ်စည်းစိမ်တွေ ဖျက်ဆီးခံခဲ့ရပြီး ဒါကို ကျူးလွန် ခဲ့သူတွေ လှူဒါန်းမယ့် မသန့်ရှင်းတဲ့ လှူဖွယ်တွေကို လက်မခံသင့်ဘူးလို့လည်း သံဃသမဂ္ဂ (မန္တလေး) က ဆိုထားပါတယ်။
စစ်ကောင်စီရဲ့ မန္တလေးတိုင်းအစိုးရအဖွဲ့က ကျုံးရဲ့ လေးဘက်လေးတန်မှာ တစ်ဖက်ကို သံဃာ အပါး ၂၅၆၆ ပါး ဝန်းကျင်နဲ့ မနက်ပိုင်းမှာ ဆွမ်းဆန်စိမ်းလောင်းပြီး ညနေပိုင်းမှာ ပရိတ်ရွတ်ဖို့ ပြင်ဆင်နေတယ်လို့လည်း စစ်ကောင်စီပိုင် မီဒီယာတွေက ဒီနေ့ ကြေညာထားပါတယ်။