စည်ပင်ကြေးကောက်မှု လူမှုအဖွဲ့တွေ မန္တလေးတိုင်း ဝန်ကြီးချုပ်ကို တင်ပြ


2016.05.25
zawmyintmaung-cso-620.jpg မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ လူမှုရေးအသင်းအဖွဲ့တွေ မေလ ၂၅ ရက်နေ့က မြို့တော်ခန်းမမှာ တွေ့ဆုံစဉ်
Photo: Hset Paing Toe/RFA

မန္တလေးတိုင်းအတွင်း လူမှုရေးအသင်းအဖွဲ့တွေက မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီထံ နှစ် စဉ် ငွေကျပ် ၃ သောင်းစီ ပေးဆောင်နေရတာကို ဖြေလျှော့ပေးဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်ထံ လူမှုရေးအဖွဲ့တွေက ဒီကနေ့ တင်ပြတောင်းဆိုခဲ့ပါတယ်။

မန္တလေးမြို့တော်ခန်းမမှာ ဝန်ကြီးချုပ်နဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပထမဆုံးအကြိမ် တွေ့ဆုံရာမှာ  တင်ပြတောင်းဆိုခဲ့တာဖြစ်တယ်လို့ နိဗ္ဗာန်သုခလူမှုရေးအသင်း ဥက္ကဌ ဦးမောင်မောင်ညို က ပြောပါတယ်။

"ကျနော်တို့အနေနဲ့က နာရေးပို့ဆောင်မှုဆိုတာ စည်ပင်သာယာရဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်လေ၊ ပြည်သူလူထုက ပါဝင်ပူးပေါင်းပြီးတော့ လူမှုရေးအသိစိတ်အနေနဲ့ လုပ်တဲ့နေရာမှာ ဒီဟာကို အခွန်မကောက်သင့်ဘူးလို့ ကျနော်တို့အနေနဲ့ ယူဆလို့တင်ပြတာပါ၊ လုပ်ငန်းတစ်ခုလုပ်လို့ရှိရင်တော့ လုပ်ငန်းခွန်ဆောင်ရမှာပါ၊ ဒါပေမဲ့ ကျနော်တို့လုပ်တဲ့လုပ်ငန်းက ပြည်သူလူထု အကျိုးပြုလုပ်ငန်းဖြစ်နေတယ်၊ စည်ပင်သာယာလုပ်ငန်းကို လုပ်နေတာဖြစ်တဲ့အတွက် စည်ပင်အနေနဲ့ ကျနော်တို့ကို ဒီလုပ်ငန်းအပေါ်မှာ အခွန်မကောက်သင့်ဘူးလို့ ကျနော့်အနေနဲ့ သုံးသပ်တာပါ"

မန္တလေးတိုင်းမှာ တရားဝင်မှတ်ပုံတင်ထားတဲ့ လူမှုရေးအသင်းအဖွဲ့ ၇၅ ဖွဲ့ရှိပြီး အဲဒီအသင်းအဖွဲ့တွေက လိုင်စင်ကြေးအပြင် နှစ်စဉ် ငွေကျပ် ၃ သောင်းကို လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်ကစပြီး မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီထံ ပေးဆောင်နေရတာဖြစ်ပါတယ်။

အသင်းအဖွဲ့ဆိုင်ရာ ဖွဲ့စည်းခြင်းဥပဒေ နဲ့ပတ်သက်ပြီး ပြင်ဆင်ဖြည့်စွက်လိုတာတွေကို  တင်ပြပေးကြဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။

မန္တလေးတိုင်းအတွင်းမှာ လူမှုရေးအသင်းအဖွဲ့ပေါင်း ၂၀၀ ကျော်ရှိရာ ၁၃၀ လောက်က တရားဝင်မှတ်ပုံတင် ထားခြင်းမရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။