မန္တလေးမှာ ဆန္ဒပြသူတွေကို စစ်ကောင်စီက ကားနဲ့တိုက်ပြီး ဖမ်းဆီး

မန္တလေးမြို့မှာ ဒီနေ့ ဇွန်လ ၁၄ ရက်မနက် ၆ နာရီကျော်လောက်မှာ ဆန္ဒပြဖို့လူစုနေတဲ့ လူငယ်တွေကို စစ်ကောင်စီဘက်က ကားတွေနဲ့တိုက်ပြီး ဖမ်းတဲ့အတွက် သွေးထွက်သံယိုဒဏ်ရာရကြပြီး အနည်းဆုံး ခြောက်ယောက်လောက် အဖမ်းခံလိုက်ရပါတယ်။

စစ်ကောင်စီဖက်က အရပ်ဝတ်နဲ့လူတစ်စုက အိမ်စီးကားတွေသုံးပြီး၊ မဟာအောင်မြေမြို့နယ် ၆၆ လမ်း ၃၇ လမ်းနဲ့ ၃၈ လမ်းကြားမှာ အကြမ်းဖက်ဝင်တိုက်ပြီး ဖမ်းဆီးတဲ့အချိန်မှာ ဒဏ်ရာရတဲ့သူတွေကို ဖမ်းသွားတာလို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်တပ်ပေါင်းစု အဖွဲ့ဝင်တွေက ပြောပါ တယ်။

အဖမ်းခံရတဲ့သူတွေထဲမှာ အဝေးသင်တက္ကသိုလ်က သင်္ချာဆရာ ဦးထက်အောင်ခန့်၊ ရတနာပုံ တက္ကသိုလ် ကျောင်းသားတွေနဲ့ သပိတ်ဝန်းရံသူတွေ ပါဝင်ပြီး သူတို့ထဲကတချို့ ဒဏ်ရာအတော်ပြင်းတာ တွေ့လိုက်တယ် လို့ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်းက အမည်မဖော်လိုတဲ့ အဖွဲ့ဝင် တစ်ယောက်က RFA ကို ပြောပါတယ်။

“စစ်ကြောင်းမစခင်မှာ အရပ်ဝတ်တွေနဲ့ ဆိုင်ကယ်က အစီး ၂၀ လောက်နဲ့ အိမ်စီးကားတွေနဲ့ ပတ်နေတာ။ မသင်္ကာလို့ လူစုခွဲလိုက်တော့မယ်လို့ ပြောနေတုန်း ဆိုင်ကယ် နှစ်စီးကို ကားနဲ့လိုက်တိုက်တာ။ ဆရာ ထက်အောင်ခန့်နဲ့ ကလေးတစ်ယောက် အဖမ်းခံလိုက်ရတယ်။ ကလေးတစ်ယောက်ကတော့ ရပ်ဆိုတဲ့ အချိန်မှာ အဖမ်းခံလိုက်ပြီးမှ ပြေးလာတော့ လွတ်လာတယ်။ လွတ်လာတဲ့တစ်ယောက်ကလည်း ဒဏ်ရာ တွေကများတယ်။ ကားနဲ့ တိုက်ခံထားရတော့”

အခင်းဖြစ်တဲ့အချိန်က လမ်းမပေါ်မှာ သွေးအလိမ်းလိမ်းနဲ့ ကားနဲ့အတိုက်ခံရသူ ရိုက်နှက်ဖမ်းဆီးခံရသူတွေဟာ လမ်းပေါ်မှာ လူးလွန့်နေအောင်ခံနေကြရတယ်လို့လည်း ပြောပါတယ်။

အဖမ်းခံလိုက်ရသူတွေကို ဘယ်ကိုခေါ်သွားတယ်ဆိုတာကို မသိရသေးလို့ သူတို့ရထားတဲ့ ဒဏ်ရာတွေ ဘယ်လောက်ပြင်းထန်သလဲ၊ ဆေးရုံတက်ကုသရမယ့် အခြေအနေမျိုးတွေအထိ ဖြစ်နေသလားဆိုတာတွေကို စုံစမ်းလို့ မရသေးဘူးလို့လည်း ပြောပါတယ်။

"အခုက အရပ်ဝတ်တွေနဲ့ လုပ်ချင်သလို လုပ်နေတာ"

ဆန္ဒပြပွဲတွေ အကြမ်းဖက်ဖြိုခွင်းတဲ့အခါ စစ်ကောင်စီက အရင်လို သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်တာမျိုး မဟုတ်ဘဲ၊ လုပ်ဟန်ပြောင်းပြီး အရပ်သားတွေစီးတဲ့ ကားတွေကို အသုံးပြုတာ၊ ယူနီဖောင်း မဝတ်ဘဲ အရပ်ဝတ်တွေ သုံးတာအပြင်၊ ဒီနေ့ ဖမ်းတဲ့သူတွေက သေနတ်တွေကိုပါ ခန္ဓာကိုယ်ထဲမှာဝှက်ပြီး ယူလာ ကြတာ တွေ့လိုက်တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်တပ်ပေါင်းစု စစ်ကြောင်းမှာ ပါဝင်တဲ့ အဖွဲ့ဝင်တွေက ပြောပါတယ်။

“ ပြည်သူတွေအနေနဲ့ ကျနော်တို့ ဆန္ဒပြနေတာ ဘာလက်နက်မှ မပါဘူး။ စာရွက်နဲ့ ပိတ်စပဲပါတယ်။ မတရားမှုတွေကို တော်လှန်ချင်လို့သာ တော်လှန်နေရတာ။ ပြည်သူတွေကို ဒီလောက်ကြီးထိ မလုပ် သင့်ဘူး။ ဥပဒေအရဆို သူတို့ ယူနီဖောင်းနဲ့ ဖမ်းရမယ်။ အခုက အရပ်ဝတ်တွေနဲ့ လုပ်ချင်သလို လုပ်နေ တာ။ သူတို့လုပ်လို့ လက်လွန်သွားရင် သူတို့ လုပ်တာမဟုတ်ဘူးဆိုပြီး ငြင်းမယ့်အနေအထားတွေ၊ အကြမ်းဖက် ဝါဒဖြစ်နေတာပေါ့ “

မန္တလေးမြို့မှာ ပြီးခဲ့တဲ့မေလကလည်း စစ်ကောင်စီအဖွဲ့ဝင်အချို့ဟာ အာဏာရှင် တော်လှန်ရေးအဖွဲ့တွေထဲက Generation Z အရွယ် လူငယ်တွေပုံစံမျိုးနဲ့ ဆန္ဒပြပွဲထဲမှာ ဝင်ရောပြီးမှ၊ အကြမ်းဖက် ဖမ်းဆီးတဲ့နည်းလမ်းကို သုံးခဲ့ကြပါတယ်။

mdy-armed-men.jpg
(မန္တလေးမှာ စစ်ကောင်စီရဲ့ အရပ်ဝတ်လက်နက်ကိုင်တွေကို တွေ့ရစဉ်) Photo CJ

စစ်ကောင်စီရဲ့ဒီလိုလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေ သပိတ်တပ်ပေါင်းစုက ကိုကျော်သီဟက ပြောပါတယ်။

“ စစ်ကောင်စီဟာ ယုတ်မာသထက် ယုတ်မာနေပြီ။ ဖမ်းတယ်ဆီးတယ်ဆိုတာကနေ သေစေနိုင်တဲ့ အဆင့်ထိရောက်နေပြီ။ ဒါကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ ကျွန်တော်တို့ကတော့ ဘယ်လိုအခြေ နေပဲဖြစ်ဖြစ် ဆက်လုပ်နေမှာပါ။ အရပ်ဝတ်တွေရော၊ အတွင်း ဒလန်တွေရောကြောင့် အရင်ကထက်ကို သတိကြီးကြီးထား လုပ်နေရတယ် “

စစ်အာဏာရှင်ဆန့်ကျင်ရေး အထွေထွေသပိတ်တပ်ပေါင်းစုမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၊ ဘုရားကြီးစစ်ကြောင်း၊ တမ္ပဝတီစစ်ကြောင်း၊ စက်မှုစစ်ကြောင်း၊ ရတနာပုံ တက္ကသိုလ်ကျောင်းသားများအဖွဲ့၊ ပညာရေးအဖွဲ့ စတဲ့ အဖွဲ့အစည်း ၁၀ ခု လောက်က ပါဝင်ကြပါတယ်။

မနေ့က ဇွန်လ ၁၃ ရက် နေ့လယ်ပိုင်းကလည်း မန္တလေးမြို့ပေါ်မှာ အမည်မသိ လူတစ်စုက NLD ပါတီကို ဆန့်ကျင်ဆန္ဒပြကြသလို၊ NUG အမျိုးသားညီညွတ်ရေး အစိုးရ CRPH ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ PDF ပြည်သူ့ကာကွယ်ရေးတပ်တို့ကို အရေးယူပေးဖို့ဆိုတဲ့ စာတန်းတွေကိုင်ပြီး မော်တော်ဆိုင်ကယ်တွေနဲ့ လှည့်လည်ခဲ့ကြပါတယ်။

ညပိုင်းမှာလည်း ချမ်းမြသာစည်မြို့နယ် NLD ရုံး ဗုံးခွဲတိုက်ခိုက်ခံရသလို မန္တလေးတိုင်းရုံးကိုလည်း အမည်မသိ လူတစ်စုက သော့ရိုက်ဖွင့်ဝင်ရောက်ပြီး ဖျက်ဆီးသွားပါတယ်။