ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ မိကျောင်းကန်ရပ်ကွက် အပိုင်း (၁၊ ၂၊ ၃) မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်က သိမ်းဆည်းခံ ထားရတဲ့ မြေယာတွေကို ပြန်ပေးဖို့၊ ပုဒ်မ(၁၈) နဲ့ တရားစွဲဆိုတာတွေကို ဖျက်သိမ်းပေးဖို့ တောင်းဆိုချက်တွေနဲ့ မြေပိုင်ရှင် ၂၀၀ နီးပါးဟာ ဒီနေ့ သင်္ဃန်းကျွန်းမြို့နယ်မှာ တစ်ကြိမ်၊ မြို့တော်ခန်းမရှေ့မှာ တစ်ကြိမ် ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ မနေနွယ်သန်းက အဲဒီမြေယာတွေကို ပြန်မပေးနိုင်ဘူးဆိုရင် သင့်တော်တဲ့လျော်ကြေးပေးဖို့ တောင်းဆိုကြောင်း RFA ကို ပြောပါတယ်။
“ကျမတို့ရဲ့ မူလမြေနေရာတွေကိုပဲ ပြန်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပဲ ဆန္ဒပြရတာပါရှင်၊ မူလမြေနေရာတွေကို ပြန်လိုချင်ပါတယ်၊ ဒီအပိုင်းသုံးကွက်တွေမှာ သူတို့ဘက်က ဒီလိုမြေနေရာတွေ အခက်အခဲရှိလာတယ်ဆိုရင် တန်ဖိုးငွေအတိုင်း ပြန်လိုချင်ပါတယ်"
၁၉၉၁ ခုနှစ် စစ်အစိုးရလက်ထက်က မိကျောင်းကန်ရပ်ကွက် အပိုင်း ၁ ၊ ၂ ၊ ၃ မှာ ထောင်နဲ့ချီတဲ့ မြေနေရာတွေကို တပ်ပိုင်မြေအဖြစ် သိမ်းယူခဲ့တာလို့ သိရပါတယ်။ တချို့ဒေသခံတွေကို လှိုင်သာယာမှာ မြေနေရာတွေရောင်းချပေး ခဲ့ပြီး တချို့ဒေသခံတွေကိုတော့ ပဲခူးရိုးမအစပ်ကို ပြောင်းရွှေ့ခဲ့တယ်လို့ ပြောပါတယ်။
ဒီနေ့ ဆန္ဒပြတောင်းဆိုတာ ၇ ကြိမ်မြောက်ဖြစ်ပြီး သင်္ဃန်းကျွန်းမြို့နယ် မြေနေရာတွေရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ရာမှာ သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးက လာရောက်တားမြစ်ခဲ့ပါတယ်။ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတာကိုတော့ တရားဝင်ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။