သတင်းမီဒီယာသမားတွေ ညီလာခံကျင်းပဖို့ ဆုံးဖြတ်


2014.04.26
media-press-305 ရန်ကုန်မြို့ Home Media ရုံးခန်းမှာ ဧပြီလ ၂၆ ရက်နေ့က ကျင်းပတဲ့ သတင်းမီဒီယာနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတစ်ခု ကိုတွေ့ရစဉ်
photo: Thiha Tun/RFA

သတင်းမီဒီယာသမားတွေကို ဥပဒေအရ အကာအကွယ်ပေးဖို့နဲ့ လွတ်လပ်စွာ သတင်းယူပိုင်ခွင့် ရှိဖို့အတွက် သတင်းမီဒီယာသမားတွေ အားလုံးပါဝင် မယ့် သတင်းမီဒီယာ ညီလာခံတစ်ခုကို မကြာခင် ရန်ကုန်မြို့မှာ ကျင်းပသွားမယ်လို့ မီဒီယာသမားတွေက ဒီနေ့ဆုံးဖြတ်လိုက်ကြပါတယ်။

လွတ်လပ်စွာ သတင်းရယူနိုင်ရေးနဲ့ သတင်းရပိုင်ခွင့် အခွင့်အရေးပိုင်းကို သတင်းမီဒီယာသမားတွေအကြား နားလည်စေဖို့ရည်ရွယ်ချက်နဲ့ အဲဒီညီလာခံကို ကျင်းပသွားမှာဖြစ်တယ်လို့ ဒီနေ့ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ DVB မြန်မာနိုင်ငံရုံး တာဝန်ခံ ကိုတိုးဇော်လတ်က RFA ကို ပြောပါတယ်။

"မီဒီယာနဲ့ ပတ်သက်တဲ့လုပ်ငန်းတွေကို ဆက်လက်တာဝန်ခံပြီးတော့ အကောင်အထည်ဖော် နိုင်အောင်လုပ်မယ်ဆိုတဲ့ စုစည်းမှုတစ်ခုကို ကျနော်တို့ဒီနေ့ရပါတယ်၊ နောက်တစ်ခုက ဒီဟာကို ကျယ်ကျယ်ပြန့်ပြန့် seminar တစ်ခုလုပ်မယ်ဆိုတာ အများစုကဆွေးနွေးကြတယ်ဗျ၊ အထူးသဖြင့်တော့ သတင်းထောက်တွေက ဘယ်လိုအခွင့်အရေးရှိတယ်၊ အစိုးရဌာနတွေကလည်း ဘယ်လိုတာဝန်ရှိတယ်၊ အဲလိုပဲ သတင်းထောက်က ဘယ်လိုစနစ်တကျချည်းကပ်မယ်၊ နှစ်ဦးနှစ်ဖက်မျှမျှတတ သတင်းနဲ့ပတ်သက်လို့ သတင်းရယူရေးလွယ်ကူမှု၊ ခြိမ်းခြောက်မှုတွေ အန္တရာယ်တွေပေါ့နော်၊ အဲဒါတွေလျော့ချနိုင်တဲ့ဟာကို လုပ်မယ်ဆိုတဲ့ ဆွေးနွေးချက်တစ်ခုနဲ့ ကျနော်တို့ seminar တစ်ခုကိုတော့ ကျယ်ကျယ်ပြန့်ပြန့်လုပ်သွားဖို့ ရှိပါတယ်"

အဲဒီညီလာခံကို ဘယ်တော့ကျင်းပသွားမယ်ဆိုတာတော့သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

သတင်းမီဒီယာသမားတွေကို ဥပဒေအရ အကာအကွယ်ပေးရေးအတွက် သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ၊ တရားရေးမဏ္ဍိုင်က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ကိုလည်း ဒီနေ့ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့ကြပါတယ်။

ဆွေးနွေးကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)က တာဝန်ရှိသူတွေ၊ မြန်မာဂျာနယ်လစ်ကွန်ရက် MJN၊ ပြည်တွင်း ပြည်ပက သတင်းသမားတွေ တက်ရောက်ဆွေးနွေးခဲ့ကြတာပါ။

သတင်းမီဒီယာသမားတွေ လွတ်လပ်စွာ သတင်းရယူခွင့်ရှိရေးနဲ့ သတင်းသမားတွေကို ဥပဒေအရ အကာအကွယ်ပေးရေးတို့အတွက် ဆွေးနွေးကြမယ့် အဲဒီညီလာခံကို ရန်ကုန်မြို့မှာ မကြာခင် ကျင်းပသွားမယ်လို့ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းပေါ်က Home Media ရုံးခန်းမှာ ဒီနေ့ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကနေ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားတာနားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။