ကရင်အမျိုးသားအစည်းအရုံး KNU ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဗဟိုအလုပ်ကော်မတီဝင်တွေ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးကြိမ်မြောက် အဖြစ် မနေ့ကတွေ့ဆုံပါတယ်။
ဒီတွေ့ဆုံပွဲမှာပါဝင်ခဲ့တဲ့ KNU အမြဲတမ်းဗဟိုကော်မတီဝင် ပဒိုစောတောနီးက အဓိကအရေးကြီးတဲ့ အချက်နှစ်ချက်ကို ရှေ့ဆက်လက်တွဲလုပ်ဆောင်ဖို့ ဆွေးနွေးကြတယ်လို့ ပြောပါတယ်။
“ကျွန်တော်တို့ နှစ်ဖွဲ့ကတော့ နီးနီးကပ်ကပ်နဲ့ ကျွန်တော်တို့ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ဆက်လက်ချီတက်မယ်။ တက်ညီလက်ညီနဲ့ ဆက်ချီတက်သွားမယ်။ နောက်တစ်ခုကတော့ ဒီကာလမှာ လုံးပမ်းနေရတဲ့ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် သဘောထားက တစ်ထပ်တည်းကျတော့ ဒီ့ထက်ပိုလုပ်ဆောင်သွားဖို့ရှိတယ်။”
နှစ်ဘက်ခေါင်းဆောင်တွေက နှစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ကြတာပါ။
ဒီဆွေးနွေးပွဲမှာ အခမ်းအနားမှူးအဖြစ် ပါဝင်ခဲ့တဲ့ NLD ပါတီ ဒလမြို့နယ် ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦးက လက်ရှိ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ရင် ကုလသမဂ္ဂအပါအဝင် ပြည်ပနိုင်ငံတွေက စောင့်ကြပ်ကူညီမှုလိုအပ်တဲ့အကြောင်းလည်း ဆွေးနွေးခဲ့ကြတယ်လို့ ပြောပါတယ်။
“မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်လို့ အဖြေတစ်စုံတစ်ရာရှာမယ်ဆိုရင် ဆွေးနွေးမှုအပိုင်းက ရှိလာမှာသေချာတယ်။ အဲဒီလိုရှိလာတဲ့အခါမှာ ကြီးကြပ်မှုဆိုတဲ့အပိုင်းက လိုအပ်လိမ့်မယ်ဆိုတာကို လက်ခံလာကြတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းတွေအပါအဝင် ဒေသတွင်းမှာရှိတဲ့ အင်အားကြီးနိုင်ငံတွေ အပြင် မြန်မာနိုင်ငံနဲ့ နီးနီးကပ်ကပ်ရှိခဲ့တဲ့ အာဆီယံနိုင်ငံတွေရော သူတို့ပါဝင်တဲ့ စောင့်ကြပ်ကူညီတဲ့အဖွဲ့တွေ ရှိဖို့ဆိုတာလည်း သဘောချင်းမျှခဲ့တယ်။”
NLD၊ NUG အမျိုးသားညီညွတ်ရေး အစိုးရနဲ့ တိုင်းရင်းသားတွေအကြား သဘောထားအမြင်ကွဲလွဲစေတဲ့ ကောလဟလတွေ ဆိုရှယ်မီဒီယာပေါ်မှာ မကြာခဏဆိုသလို ပျံ့နှံ့လေ့ရှိပါတယ်။ ဒီလိုကိစ္စတွေကိုလည်း နှစ်ဘက်အခုလိုတွေ့ဆုံဆွေးနွေးမှုတွေကနေ ဖြေရှင်းနိုင်တယ်လို့ နှစ်ဘက်ခေါင်းဆောင်တွေက ပြောကြပါတယ်။
အလားတူ နောင်မှာလည်း ဆက်ဆွေးနွေးဖို့လည်း နှစ်ဘက်သဘောတူခဲ့ကြပါတယ်။
တိုင်းရင်းသားအရေး၊ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က နွေဦးတော်လှန်ရေးကာလမှာ စစ်အာဏာရှင်ကို တော်လှန်နေတဲ့ အဖွဲ့အစည်းခေါင်းဆောင်တွေအချင်းချင်း အခုလိုတွေ့ဆုံ ဆွေးနွေးသင့်တယ်လို့ ပြောပါတယ်။
“NLD နဲ့ KNU အခုလိုတွေ့ဆုံဆွေးနွေးတယ်ဆိုတာ လိုအပ်ချက်ဖြစ်တယ်။ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးဆိုင်ရာ အခြေခံတွေနဲ့ပတ်သက်ပြီး ဆွေးနွေးကြတယ်ဆိုတော့ NUG က ထုတ်ပြန်ထားတဲ့ ဖက်ဒရယ်ပဋိညာဉ်နဲ့ပတ်သက်ပြီး အသေးစိတ်အခိုင်အမာအားဖြင့် ပိုပြီး တစ်ယောက်နဲ့တစ်ယောက် ယုံကြည်နားလည်မှုရစေတဲ့ ဆွေးနွေးပွဲမျိုးဖြစ်မယ်။ ဒါက ကောင်းမွန်တဲ့လှုပ်ရှားမှုဖြစ်တယ်။”
ဒီဆွေးနွေးပွဲကို KNU က ဒုတိယဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး ၊ အမြဲတမ်းဗဟိုကော်မတီဝင်တွေဖြစ်တဲ့ ပဒိုစောတောနီး၊ ပဒိုစောတနာထူးစော၊ ပဒိုစောအယ်ကလူဆေး တို့ တက်ရောက်ခဲ့ပါတယ်။
NLD ဗဟိုအလုပ်ကော်မတီ (CWC) ကတော့ ဦးအောင်ကြည်ညွန့် ၊ ဗဟိုအလုပ် ကော်မတီဝင်တွေ ဖြစ်တဲ့ ဒေါက်တာခင်ဆောင်၊ ဦးထွန်းမြင့်၊ ဦးကျော်ထွေး နဲ့ ဦးမျိုးနိုင် တို့တက်ရောက်ခဲ့ကြပါတယ်။