Facebook ကနေ ကုမ္ပဏီနာမည် ပြောင်းထားတဲ့ Meta နည်းပညာကုမ္ပဏီရဲ့ အကြောင်းအရာ စိစစ်မှု မူဝါဒအပြောင်းအလဲက မြန်မာနိုင်ငံအတွက် စိုးရိမ်စရာ မြင့်တက်လာစေတယ်လို့ မြန်မာ့လူ့အခွင့်အရေး အခြေအနေတွေကို လေ့လာစောင့်ကြည့်နေတဲ့ Human Rights Myanmar အဖွဲ့က ဇန်နဝါရီလ ၈ ရက်နေ့မှာ ဖော်ပြပါတယ်။
မြန်မာနိုင်ငံမှာ Facebook ပလက်ဖောင်းကို စစ်တပ်အာဏာသိမ်းမှုအပေါ် အပြန်အလှန် ငြင်းခုံ ပြောဆို ရေးသားမှုတွေအတွက် အသုံးပြုလို့ ရနေတာပါ။ ဒါ့အပြင် ရိုဟင်ဂျာတွေအပေါ် ဝေဖန်တိုက်ခိုက်မှု အပါအဝင် နောက်ဆက်တွဲအကျိုးဆက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
Facebook ရဲ့ အခု အပြောင်းအလဲက လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အားပေးရာရောက်တဲ့အပေါ် ချီးကျူးစရာဖြစ်ပေမဲ့ ပြောင်းလဲမှုတွေ လုပ်တဲ့အခါ အစီအစဉ်တကျဖြစ်ဖို့ လိုအပ်တယ်လို့ Human Rights Myanmar က ထောာက်ပြပါတယ်။
တစ်ဖက်မှာလည်း အချက်အလက်စစ်ဆေးတာတွေကို ဖယ်ရှားလိုက်တာက အမှန်တရားအတွက် ကြိုးပမ်းအားထုတ်မှုတွေကို အားနည်းသွားစေနိုင်တယ်လို့ ဆိုပါတယ်။
အထူးသဖြင့် မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဝါဒဖြန့်မှုနဲ့ မမှန်ကန်တဲ့ လှုံ့ဆော်မှုတွေဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတယ်လို့ ဖော်ပြပါတယ်။
Meta ရဲ့ အမှုဆောင်အရာရှိချုပ် မက်ဇူကာဘက်က ကုမ္ပဏီရဲ့ အချက်အလက်စစ်ဆေးတဲ့ အစီအစဉ်ကို ရပ်ဆိုင်းတော့မဲ့အကြောင်း ဇန်နဝါရီလ ၇ ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒီအစီအစဉ်က အမှားအယွင်းအများကြီး ပြုလုပ်ခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒီအပြောင်းအလဲဟာ သုံးစွဲသူ ဘီလီယံနဲ့ချီ ရှိနေတဲ့ Facebook နဲ့ Instagram အပေါ် သက်ရောက်မှုရှိလာမှာ ဖြစ်ပါတယ်။
Meta ဟာ အချက်အလက်စစ်ဆေးတဲ့ အစီအစဉ်ကို မမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ဖယ်ရှားဖို့ ကြိုးပမ်းမှုတစ်ရပ်အနေနဲ့ ၂၀၁၆ ခုနစ်က စတင်မိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။