အလွတ်သတင်းထောက် ကိုမောင်မောင်မျိုးဟာ ကရင်ပြည်နယ်၊ သံလွင်တံတား (ဘားအံ) မှာ မေလ ၁၀ ရက် မနေ့ညက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မနဲ့ စွပ်စွဲအမှုဖွင့်ခံထားရတယ်လို့ သူနဲ့ နီးစပ် သူတွေက ပြောပါတယ်။
ကိုမျိုးမြင့်ဦး (ခ) မောင်မောင်မျိုး (ဇာတ်ဆရာ) ကို စစ်ကောင်စီတပ်က ဘားအံမြို့မ ရဲစခန်းမှာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) နဲ့ မေလ ၁၁ ရက် ဒီနေ့မှာ အမှုဖွင့်ထားတယ်လို့ နီးစပ်သူတွေက အတည်ပြုပြောပါတယ်။
သူဟာ မေလ ၁၀ ရက် ညနေ ၆ နာရီခန့်က မြဝတီမြို့ကနေ မန္တလေးမြို့ကို ခရီးသည်တင် ယာဉ်နဲ့အပြန် ဘားအံမြို့၊ သံလွင်တံတား စစ်ဆေးရေးဂိတ်မှာ စစ်ဆေးခံရင်းကနေ အဖမ်းခံခဲ့ရတာလို့ နီးစပ်သူတွေက ပြောပါတယ်။
ကိုမောင်မောင်မျိုးဟာ ကရင်ပြည်နယ်အတွင်းက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ သတင်းရေးသား ထုတ်လုပ်ခဲ့သူ ဖြစ်ပြီး မဲခေါင်သတင်းဌာန အပါအဝင် တခြားသော သတင်းဌာနတွေအတွက် ရေးသားပေးပို့နေသူ တစ်ယောက် ဖြစ်ပါတယ်။ ကိုမောင်မောင်မျိုးနဲ့ ပတ်သက်တဲ့ နောက်ဆက်တွဲ အခြေအနေတွေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ပါတယ်။