ပြင်ဦးလွင် စစ်လေယာဉ်ပျက်ကျမှု စစ်တပ်အရာရှိတွေ အပါအဝင် ၁၂ ဦး သေဆုံး

ကိုဂျေ(ဝါရှင်တန် ဒီစီ)
2021.06.10

မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် အနီးစခန်းလေဆိပ်ကိုဆင်းတဲ့ စစ်တပ်ပိုင် လေယာဉ်တစ်စီး ဇွန်လ ၁၀ ရက် ဒီနေ့မနက်ပိုင်းက ပျက်ကျပြီး၊ ဆရာတော်ကြီးတစ်ပါးနဲ့ အရာရှိတွေ အပါအဝင် လေယာဉ်ပေါ်လိုက်ပါလာသူ ၁၂ ယောက် သေဆုံးသွားပါတယ်။

အဲဒီဆရာတော်ကြီးဟာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အစိုးရအဆက်ဆက် ကိုးကွယ် ခဲ့တဲ့ နေပြည်တော်က၊ ဈေးကုန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တကဝိသာရဖြစ်တယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ နေပြည်တော်ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီပိုင် အဲဒီလေယာဉ်ဟာ ဒီနေ့မနက် ၇ နာရီလောက်က နေပြည်တော်လေဆိပ်ကနေ ထွက်ခွာလာ တာဖြစ်ပြီး ပြင်ဦးလွင်မြို့ရဲ့ အနီးစခန်းလေဆိပ်ကိုအဆင်း ရာသီဥတုဆိုးရွားမှုကြောင့် လမ်းကြောင်းပျောက် ပြီး  ပြင်ဦးလွင် လျှပ်စစ်ခွဲရုံနဲ့ သံမဏိစက်ရုံကြားမှာ ပျက်ကျသွားခဲ့တာပါ။

စစ်ကောင်စီပိုင် မြဝတီရုပ်မြင်သံကြားသတင်းမှာတော့ အဲဒီလေယာဉ်ဟာ ဆက်သွယ်မှုပြတ်တောက်ပြီး အနီးစခန်းလေယာဉ်ကွင်းကိုအဆင်းမှာ ပျက်ကျခဲ့တာလို့ ဒီနေ့မနက်က ထုတ်ပြန်ကြေညာပါတယ်။

"လေယာဉ်လမ်းကြောင်း လွဲသွားတယ်ထင်တယ်"

လမ်းကြောင်းမှားထိုးဆင်းသွားချိန်က အနီးစခန်းလေယာဉ်ကွင်းပြေးလမ်းမှာသာ မြူတွေအုံ့ဆိုင်းနေတာဖြစ်ပြီး အခုထိုးဆင်းသွားတဲ့နေရာကတော့ ရှင်းလင်းနေခဲ့တယ်လို့ မျက်မြင်တွေ့လိုက်ရတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

"သူတို့ပြေးလမ်းမှားဆင်းတာလေ၊ ဆက်သွယ်ရေးတာဝန်တိုင် စိုက်ထားတဲ့ တောင်ကုန်းအတိုင်းဆင်းရမှာ၊ အဲတာဝါတိုင်က အရင်တုန်းက လေယာဉ်ပြေးလမ်းနဲ့မလွတ်လို့ ရွှေ့ထားတာ၊ အဲဒီတာဝန်တိုင်ကနေပြီး တော့မှ ကျောက်ဗြုန်းတွေတူးတဲ့တောင်ကနေ တကျောတည်း အဲဒါကိုဆင်းမှ ပြေးလမ်းကတည့်မှာလေ၊ ဒါပေမဲ့ သူတို့လေယာဉ်လမ်းကြောင်း လွဲသွားတယ်ထင်တယ်၊ လေယာဉ်ကွင်းဘက်မှာ​တော့ မြူဆိုင်း တယ်၊ ဒါပေမဲ့ ဒီဘက်ကတောင်ဘက်မှာက မြူမဆိုင်းဘူး မြင်ရတယ်၊ ဘယ်လိုကြောင့် လမ်းကြောင်း လွဲသွားလည်း မသိဘူး အဲဒီတောင်ရဲ့ အနောက်ဘက် ထင်းရှုးတောဘက်ကနေပြီးတော့မှ စိုက်ဆင်းသွား တာပဲ၊ ပြေးလမ်းမှားဆင်းသွားတာ၊ လေယာဉ်အင်ဂျင်တွေဘာတွေက ကောင်းတယ်၊ အင်ဂျင်ပျက်တာ တော့ မဟုတ်ဘူး၊ မနက်ကတည်းကတော့ လေယာဉ်ကွင်းမှာ လုံခြုံရေးတွေစောင့်နေကြတယ် VIP  လာမယ် ဘာညာဆိုပြီးတော့၊ ပြောနေကြတာတော့ ၁၂ ယောက်လို့ပြောတယ်"

အဲဒီလေယာဉ်ဟာ ပြင်ဦးလွင်မြို့နယ်ထဲက သုံးတောင်ကျေးရွာအုပ်စု ကျောက်ဖျာဒိုးကျေးရွာမှာ တည်ဆောက် မယ့် မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက် ပန္နက်တင်အခမ်းအနားကို လာရောက်ကြတာဖြစ်ပြီး နေပြည်တော် ဈေးကုန်းဆရာတော် ဒေါက်တာ ဘဒ္ဒန္တကဝိသာရ အပါအဝင် အလှူရှင်တွေနဲ့ စစ်ကောင်စီဘက် က ဗိုလ်မှူးအဆင့်အထိပါတဲ့ အရာရှိအချို့ပါ လိုက်ပါလာတာလို့ သိရပါတယ်။

လေယာဉ်ပေါ်လိုက်ပါလာသူ ၁၄ ယောက်ထဲက ၁၂ ဦး သေဆုံးသွားပြီး အလှူရှင်ရဲ့သား မောင်ပိုင်ဘုန်းပြည့်နဲ့ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိတဲ့ တပ်ကြပ်ကြီး ကောင်းစံဝင်း တို့သာ အသက်ရှင်ကျန်ခဲ့ပြီး လက်ရှိပြင်ဦးလွင် မြို့က စစ်ကောင်စီဆေးရုံမှာ ဆေးကုသနေရပါတယ်။

သေဆုံးသွားသူ ၁၂ ဦးထဲမှာ ဗိုလ်မှူးအဆင့်ရှိသူ နှစ်ဦး၊ ဗိုလ်ကြီးအဆင့်ရှိသူ နှစ်ဦးနဲ့ တပ်ကြပ်တစ်ဦး ပါဝင်ပြီး ဒေါက်တာ ဘဒ္ဒန္တကဝိသာရနဲ့ အခြားဆရာတော်တစ်ပါး အပါအဝင် အလှူရှင်တွေဖြစ်တဲ့ ရွှေဖူးကုမ္ပဏီ လီမိတက်ပိုင်ရှင် ဒေါက်တာဝင်းကိုကို (ခေါ်) ဦးမြဖူးနဲ့ ဇနီးဖြစ်သူ ဒေါ်လဲ့လဲ့ဝင်းတို့ မိသားစု ပါဝင်တယ်လို့ သိရပါတယ်။

army-plan-crash.jpg
(ပြင်ဦးလွင် အနီးစခန်းနားမှာ ပျက်ကျတဲ့ တပ်မတော်လေယာဥ် အစိတ်အပိုင်းများ) Photo CJ

အနီးအနားမှာရှိနေတဲ့ နောက်ထပ် ဒေသခံတစ်ယောက်ကလည်း လေယာဉ်ထိုးဆင်းသွားတဲ့ အသံကိုသေချာ ကြားလိုက်ရတယ်လို့ RFA ပြောပါတယ်။

"အသံတအားကျယ်တာကိုး တုန်ခါသွားတာ၊ ဖြစ်တာလည်း အဲဒီ ဓာတ်အားခွဲရုံ နောက်ကျောပဲ၊ တပ်က တပ်မတော်လေယာဉ်နဲ့ တူပါတယ်၊ ကျွန်တော်တော့ သွားတော့မကြည့်ဘူး၊ ဖြစ်တာကတော့ ပထမကြား တာကတော့ ရှစ်ယောက်လို့ကြားတာပဲ၊ ရှစ်ယောက်လောက်သေတယ်ပြောကြတာပဲ၊ အခုတော့ ၁၂ ယောက်လို့တော့ ကြားတယ်။"

သံဃာတော်အပါအဝင် ၁၂ ဦး သေဆုံးတာနဲ့ ပတ်သက်လို့ လုံခြုံရေးအရဆိုပြီး အရပ်ဘက်လူမှုကူညီရေး ကားတွေကို ဝင်ခွင့်မပြုခဲ့ဘူးလို့  ပြင်ဦးလွင်မြို့မှာ လူမှုကူညီရေးတွေလုပ်ဆောင်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

"အဲမှာတော့ လူတွေက အဝင်အထွက်လုပ်လို့တော့မရဘူး၊ မရ​တော့ အကိုတို့လည်း အဲဒီဖြစ်တဲ့ စက်ရုံ နားက မလှမ်းမကမ်းမှာပဲ အနေအထားလှမ်းကြည့်ခဲ့ရတယ်၊ ကန့်သတ်တားမြစ်နယ်မြေဖြစ်တဲ့အတွက် အပြင်က အကိုတို့လို သာမန်တွေကျတော့ ဝင်ခွင့်မပြုဘူး၊ ကျန်တဲ့ ဒီမီးသတ်တို့ ကြက်ခြေနီတို့ သူတို့ရဲ့ ဌာနအဖွဲ့အစည်းတွေကတော့ သွားရောက်ကူညီမှုတွေရှိပါတယ်၊ ပြင်ဦးလွင်နာရေးကူညီမှုအသင်းတို့ မြို့နယ်မီးသတ်တို့ကတော့ သွားပြီး ကူညီကယ်ဆယ်မှုတွေ လုပ်ကြတယ်၊ သေဆုံးမှုကတော့ လေယာဉ်ပေါ် မှာက အားလုံးပေါင်း ၁၄ ယောက်ပါတယ် ၁၂ ယောက်သေဆုံးတယ်၊ တပ်ကြပ်ကြီး ကောင်းစံဝင်းနဲ့ ကလေးမောင်ပိုင်ဘုန်းပြည့်နဲ့ နှစ်ယောက်ပဲ အသက်ရှင်တယ်၊ အကိုတို့ ထင်မြင်ယူဆချက်ကတော့ လေယာဉ်ပြေးလမ်းပျောက်သွားတဲ့ သဘောရှိမှာပါ။"

လူမှုကွန်ရက်စာမျက်နှာတွေမှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေအရ ဒီနေ့ပျက်ကျတဲ့လေယာဉ်ဟာ စစ်တပ်ပိုင် Beechcraft 1900 အမျိုးအစားလေယာဉ်ဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ စစ်သား၊ မိသားစုဝင်တွေနဲ့ သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေပါ အသုံးပြုနေတာဖြစ်ပါတယ်။

ဒီနေ့လေယာဉ်ပျက်ကျမှုကြောင့် ပျံလွန်တော်မှုခဲ့တဲ့ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တကဝိသာရဟာ သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်  အစိုးရအဆက်ဆက် ကြည်ညိုခဲ့ကြတဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီလ ၂ ရက်နေ့ညနေပိုင်းမှာလည်း စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် သွားရောက်ဖူးမြော်ပြီး လှူဖွယ်သင်္ကန်းတွေ ဆက်ကပ်ပြီး ရွေးကောက်ပွဲဆိုင်ရာ အခြေအနေတွေကြောင့် နိုင်ငံတော်တာဝန်ကို တာဝန်ယူလိုက်တာဖြစ်ကြောင်း အရင်ဆုံးသွားလျှောက်ထားခဲ့တဲ့ ဆရာတော်ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။