ကရင်ပြည်နယ်၊ မြဝတီမြို့ လေးကေ့ကော်မြို့သစ်အနီး မတ်လ ၉ ရက် ဒီနေ့ စစ်ကောင်စီ တပ်နဲ့ KNU လက်အောက်ခံတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တိုက် ခိုက်ရေး ရဟတ်ယာဉ်သုံးစင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အဲဒီဒေသမှာ ရောက်နေသူ တွေက ပြောပါတယ်။
ဒီနေ့ ၃ နာရီဝန်းကျင်က မြေပြင်တိုက်ပွဲ စတင်ဖြစ်ခဲ့ပြီး ညနေ ၄ နာရီ ခွဲလောက်မှာတော့ ရဟတ်ယာဉ် သုံးစင်းနဲ့ လာရောက်ပစ်ခတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရဟတ်ယာဉ် သုံးစင်းလာပစ်တယ်။ လေးကေ့ကော်နားက အမြှောက်ကုန်းရယ်၊ ရသေ့ဂူရယ်၊ လေးကေ့ကော် ရေတံခွန်နားရယ်ကို ပစ်တာ။ မြေပြင်ကနေ သူတို့ပဲ စစ်ကြောင်းထိုးလာတာ"
ဒီနေ့ တိုက်ပွဲဟာ စစ်ကောင်စီတပ်က အမြှောက်ကုန်းကနေ ရသေ့ဂူဘက်ကို လက်နက်ကြီးတွေနဲ့ စတင် ပစ်ခတ်ခဲ့ပြီးနောက် တိုက်ပွဲဆက်ဖြစ်လာတာလို့ သူက ပြောပါတယ်။
ဒီနေ့ တိုက်ပွဲကနေ နှစ်ဖက် အကျအဆုံး အထိအခိုက်အခြေအနေကိုတော့ RFA က အတည်မပြုနိုင်သေး သလို စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဆက်သွယ်ဖို့ ကြိုး စားနေပါတယ်။
လေးကေ့ကော်တစ်ဝိုက် တစ်ကျော့ပြန်တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ မတ်လ ၂ ရက်နေ့က ဖလူးလေးဒေသကို စစ်ကောင်စီတပ်နဲ့ နယ်ခြားစောင့်တပ် (BGF) တို့ ပူးပေါင်းထိုးစစ်ဆင်ရာကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် စစ်ကောင်စီတပ်ဟာ ဖလူးကြီးဒေသ၊ မင်းလတ်ပံရွာမှာ အင်အားတိုးချခဲ့ပြီး မတ်လ ၇ ရက် မှာတော့ ရသေ့ဂူ၊ ဖလူးလေးဒေသကို ထိုးစစ်ဆင်ကာ ဒီနေ့ထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာလို့လည်း ပြောပါတယ်။
အဲဒီဒေသမှာ စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့အတွက် စစ်ကောင်စီတပ်တွေကို သုံးရက်အတွင်း ဆုတ်ခွာကြဖို့ကို ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆၊ ဒူးပလာယာခရိုင်က မတ်လ ၇ ရက်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကုန်ပိုင်းလောက်ကနေ စခဲ့တဲ့ လေးကေ့ကော်တိုက်ပွဲတွေကြောင့် ဒေသခံ ခုနစ်သောင်း ကျော်ဟာ ထိုင်း - မြန်မာ နယ်စပ်နဲ့ ထိုင်းနိုင်ငံဘက်ခြမ်းဆီကို တိမ်းရှောင်နေကြရပါတယ်။