ရန်ကုန်တိုင်း အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက်မှာ နေထိုင်တဲ့ အငှားယာဉ်မောင်း ကိုမျိုးကို ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က စစ်ကောင်စီက လာရောက်ဖမ်းဆီးရာမှာ မမိတဲ့ အတွက် သူ့ဇနီးနဲ့ ၁၀ နှစ်အရွယ် သားငယ်ကို ဖမ်းဆီးသွားတယ်လို့ အဲဒီရပ်ကွက်မှာနေထိုင် တဲ့ ဒေသခံတွေက ပြောပါတယ်။
အင်အား ၃၀ နီးပါးရှိတဲ့ စစ်ကောင်စီရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ မေလ ၂၄ ရက် မွန်းလွဲ ၂ နာရီလောက်မှာ ရက်ကွက်အတွင်း လမ်းတွေကို ပိတ်ဆို့ပြီး ဖမ်းဆီးသွားတာလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
"နင့်ယောက်ျားကိုမတွေ့ရင် နင်တို့သားအမိ လိုက်ခဲ့ဆိုပြီး မဇင်မိုးဖြူနဲ့ မောင်ထက် ဘုန်းဇာနည် တို့ကို ခေါ်သွားတာ။ ကလေးက အခုမှ ၁၀ နှစ်ထဲဝင်ရုံ ရှိသေးတယ်။ ကလေးကို ဓားစာခံလုပ်ပြီး ခေါ်သွားတာပါ။ ကိုမျိုး ဆိုတာကလည်း ရိုးရိုးသားသား တက္ကစီဆွဲစားနေတဲ့ လူပါ။ ဒါသူတို့မိသားစုကို တမင်အဖမ်းခံရအောင် ချောက်တွန်းတဲ့ လူရှိလို့ လာဖမ်းတာ"
အငှားယာဉ်မောင်း ကိုမျိုးကို လာရောက်ဖမ်းဆီးချိန်မှာ အရပ်ဝတ်နဲ့ သတင်းပေးတွေလည်း ပါဝင်ပြီး ရပ်ကွက်အဝင်အထွက်လမ်းတွေကို တစ်နာရီနီးပါးကြာ ပိတ်ဆို့ရှာဖွေခဲ့တယ်လို့ သူက ဆိုပါတယ်။
အငှားယာဉ်မောင်း ကိုမျိုးကို စစ်ကောင်စီက ဘာကြောင့်ဖမ်းဆီးဖို့ ကြိုးစားတယ်ဆိုတာကို မသိရသေးသလို သားအမိနှစ်ဦးကိုလည်း ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကို မသိရ သေးပါဘူး။
ကိုမျိုးတို့မိသားစုဟာ အောင်ဆန်းရပ်ကွက်ထဲမှာ လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက နေထိုင်နေကြတာပါ။ အခု မိခင်နဲ့အတူ ဖမ်းဆီးခံထားရတဲ့ ကလေးဟာ ကျန်းမာရေးချူချာ တာကြောင့် စိတ်ပူနေရတယ်လို့လည်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။