စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် နိုင်ငံတစ်ဝန်း အုပ်ချုပ်ရေးအဖွဲ့ဝင် ၈၂ ဦးသေဆုံး

စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက် လေးလအကြာ နိုင်ငံတစ်ဝန်းက အုပ်ချုပ်ရေးအဖွဲ့ဝင်တွေနဲ့ ဆက်စပ်သူ ၈၂ ဦး သေဆုံးခဲ့ပါတယ်။

RFA က ပြုစုထားတဲ့အချက်အလက်တွေအရ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာ စစ်မှုထမ်းဥပဒေကို မြေပြင်မှာ အကောင်အထည်ဖော်တဲ့ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ သတ်ဖြတ်ခံရတာပါ။

သတ်ဖြတ်ခံရသူတွေထဲ ရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ၊ ရုံးစာရေးနဲ့ ရာအိမ်မှူးတွေ ပါဝင်ပါတယ်။

ရွှေဘို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတော့ အုပ်ချူပ်ရေးမှူးတွေကို စစ်ကောင်စီအတွက် စစ်သား မစုဆောင်းဖို့ ထုတ်ပြန်ထားပေမဲ့ မလိုက်နာသူတွေကို ပြင်းထန်တဲ့အရေးယူမှုတွေ ဆက်လုပ်သွားမယ်လို့ RFA ကို ပြောပါတယ်။

“ပြည်သူကို ဒုက္ခမပေးနဲ့၊ ပြည်သူရဲ့ဆန္ဒမပါဘဲ စစ်သားမစုနဲ့ ဒါဆို သူတို့နေလို့ရတယ်။ အဲဒီလိုမဟုတ်ဘဲ စစ်သားစုဆောင်းတာကျ အဆင်မပြေဘူး။ အဲဒါကြောင့် စစ်ကောင်စီအတွက် အလုပ်လုပ်ပေးတာ စစ်သား စုဆောင်းပေးတာ ဘယ်သူ့ကိုမဆို ပြင်းထန်တဲ့ အပြစ်ပေးတာတွေ ဆက်ရှိနေမှာပါ”

မတ်လအတွင်းမှာပဲ ရွှေဘိုမြို့ အမှတ် - ၄ ရပ်ကွက်က စစ်သား စုဆောင်းပေးနေတဲ့ အုပ်ချုပ်ရေးမှူး ဦးနန်းနွယ်ဦးနဲ့ အငယ်တန်းစာရေးမ ဒေါ်မြမြငြိမ်းတို့ သတ်ဖြတ်ခံခဲ့ရပါတယ်။

အုပ်ချုပ်ရေးအဖွဲ့ဝင် သတ်ဖြတ်ခံရမှု အများဆုံးက မန္တလေးတိုင်းဖြစ်ပြီး ၂၄ ဦး သေဆုံးခဲ့ပါတယ်။ ဒုတိယအများဆုံးက မကွေးတိုင်း ဖြစ်ပါတယ်။ လေးလအတွင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ၁၈ ဦး သေဆုံးခဲ့ပါတယ်။

နေပြည်တော်အခြေစိုက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကတော့ တိုင်းနဲ့ ပြည်နယ်အသီးသီးက အုပ်ချုပ်ရေးအဖွဲ့တွေကို လုံခြုံရေးတိုးမြှင့်ပေးဖို့ စီစဥ်နေတယ်လို့ RFAကို ပြောပါတယ်။

“တိုင်းနဲ့ ပြည်နယ်အသီးသီးက လုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်းချိတ်ဆက် ဆောင်ရွက်နေပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို လုံခြုံရေး ပေးနိုင်ဖို့အတွက်ပါ”

လက်ရှိအချိန်မှာ စစ်ကောင်စီက စစ်မှုထမ်းအပတ်စဥ် - ၃ အတွက် သင်တန်းသားတွေ စတင်ခေါ်ယူနေပါတယ်။