စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကို အရေးယူပေးဖို့ NUG တောင်းဆို
2025.02.17

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေက အရေးယူပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၇ ရက် နေ့မှာ ထုတ်ပြန်တောင်းဆိုပါတယ်။
လေကြာင်းတိုက်ခိုက်မှုတွေကို တားဆီးနိုင်ဖို့အတွက် စစ်ကောင်စီထံ လေယာဉ်ဆီ၊ စစ်လက်နက်ပစ္စည်း၊ နည်းပညာ၊ အထောက်အကူပြုပစ္စည်း စတာတွေကို ရောင်းချတာ၊ တင်ပို့တာနဲ့ လွှဲပြောင်းသယ်ဆောင်ပေးတာတွေကို မပြုလုပ်ကြဖို့ကိုလည်း NUG က တိုက်တွန်းပါတယ်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ သုံးရက်အတွင်းမှာပဲ စစ်ကောင်စီတပ်က စစ်ကိုင်းတိုင်း မုံရွာနဲ့ ကလေးမြို့နယ်မှာ လေကြောင်းကနေ ဗုံးအလုံးရေ နှစ်ရာကျော်အထိ ကြဲချတိုက်ခိုက်တာကြောင့် ကလေးငယ်တွေ အအပါအဝင် အရပ်သား ၁၅ ဦး သေဆုံးပြီး ၂၉ ဦး ဒဏ်ရာရခဲ့တယ်လို့ NUG က ပြောပါတယ်။
စစ်ကိုင်းတိုင်းမှာ NUG က ရုံးစိုက်မယ်လို့ သတင်းတွေ ထွက်လာပြီးတဲ့နောက် စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်တိုက်လုပ်လာတယ်လို့ မုံရွာဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“NUG က ဘာစိုက်မယ်၊ ဘာဖွင့်မယ်လို့ ပြောပြီးနောက်ပိုင်း လေကြောင်းကနေကို ဆက်တိုက်လာနေတော့တာပဲ။ တော်လှန်ရေးအဖွဲ့တွေကတော့ အချိတ်အဆက်ရှိတော့ ကြိုတင်ရှောင်နိုင်ပေမဲ့ ပြည်သူတွေကတော့ ခံရတယ်ဗျ။ အဲဒီတော့ဗျာ ခံလိုက်ရရင်တော့ ပြည်သူတွေချည်းပါပဲ”
စစ်ကိုင်းတိုင်းထဲက လေကြောင်းတိုက်ခိုက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က ဆက်သွယ်ခဲ့ပေမဲ့ အစည်းအဝေးရှိနေတာကြောင့် လတ်တလော မဖြေဆိုနိုင်သေးကြောင့် ပြောဆိုပါတယ်။
RFA ရဲ့ စာရင်းတွေအရ ၂၀၂၄ ခုနှစ် တစ်နှစ်အတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် နိုင်ငံတစ်ဝန်း အရပ်သား ၁၇၆၉ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၃၇၂၀ ဦး ရှိခဲ့ပါတယ်။