ပလက်ဝမှာ အေအေနဲ့ တိုက်ပွဲကြောင့် အသွားအလာကန့်သတ်မိန့် တိုးမြှင့်ထုတ်ပြန်

2022.05.27
ပလက်ဝမှာ အေအေနဲ့ တိုက်ပွဲကြောင့် အသွားအလာကန့်သတ်မိန့် တိုးမြှင့်ထုတ်ပြန် ပလက်ဝမြို့နယ် ဆမီးမြို့မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၀ ခုနှစ် မေလ ၂၈ ရက်နေ့က တွေ့ရစဉ်
Photo: RFA

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ မေလ ၂၆ ရက် မနေ့က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲကြောင့် ရေလမ်းခရီးကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ သွားလာတာတွေမလုပ်ဖို့ စစ်ကောင်စီရဲ့ မြို့နယ်အာဏာပိုင်တွေက ဒေသန္တရအမိန့် ထုတ်ပြန်လိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

မနေ့က တိုက်ပွဲကြောင့် ဒေသခံတွေအကြားမှာလည်း စိုးရိမ်မှုကြောင့် အသွားအလာ နည်းနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့က စစ်တပ်နဲ့ အေအေတို့ တိုက်ပွဲဖြစ်တယ်လေ။ ဒါကြောင့် မနေ့ကပဲ ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ရေလမ်းခရီးမထွက်ရဆိုပြီး ထုတ်လိုက်တယ်။ အရင် တုန်းကလည်း ညမထွက်ရအမိန့် ထုတ်ထားတာရှိတယ်။ အခုက အချိန်စောပြီး အသစ် ထုတ်လိုက်တာပေါ့။ အခု ဒေသခံတွေကတော့ စိုးရိမ်နေကြတယ်။ အပြင်ကိုလည်း သိပ်မသွားကြဘူး”

ယခင်က ထုတ်ပြန်ထားတဲ့ ဒေသန္တရအမိန့်ဟာ ည ၉ နာရီကနေ မနက် ၅ နာရီအထိဖြစ်ပြီး အခု ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ ကန့်သတ်ချိန် တိုးမြှင့်ထုတ်ပြန်လိုက်တာ လို့လည်း ဆိုပါတယ်။

ပလက်ဝမြို့နဲ့ ခြောက်မိုင်လောက်အကွာ အဘောင်သားကျေးရွာနဲ့ ရုပ်ဝကျေးရွာကြားမှာ မနေ့က ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး ပလက်ဝမြို့ စစ်ကောင်စီတပ်ရင်းကနေလည်း လက်နက်ကြီး အချက် ၄၀ ကျော်အထိ လှမ်းပစ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

မနေ့က ထုတ်ပြန်တဲ့အမိန့်နဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ပလက်ဝမြို့နယ် အုပ်ချုပ်ရေး မှူးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ပလက်ဝမြို့နယ်မှာ မနေ့ကဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲနဲ့ ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ကရော စစ်ကောင်စီတပ်ကပါ တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေးပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။