စစ်ကောင်စီနဲ့ KNDF တို့ ကယားပြည်နယ်ထဲ တိုက်ပွဲထပ်ဖြစ်

ကရင်နီ (ကယား) ပြည်နယ်မှာ ဇွန် ၁၀ ရက်ကနေ ၁၂ ရက်အထိ သုံးရက်အတွင်း စစ်ကောင်စီတပ်က ပစ်ခတ်လို့ ဒေသခံပြည်သူ နှစ်ယောက်နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ဝင် တစ်ယောက် သေဆုံးပြီး ဒေသခံ ခြောက်ယောက် အဖမ်းခံထားရတယ်လို့ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် KNDF က ဇွန် ၁၂ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

ဇွန် ၁၂ ရက်မှာ စစ်ကောင်စီတပ်တွေက နန်းဖယ်ခုံမြို့နယ် ကျွန်းတောရွာက အရပ်သားပြည်သူ ခြောက် ယောက်ကို ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးသွားခဲ့ပါတယ်။

ဇွန် ၁၁ ရက်မှာ ဒီးမော့ဆိုမြို့နယ် မြလဲကျေးရွာအုပ်စု ပတန်းခိုကျေးရွာထဲကို အင်အား ၁၀၀ ဝန်းကျင် လောက်ရှိတဲ့ စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး အသက် ၅၅ နှစ်အရွယ် အမျိုးသား တစ်ယောက်ကို ပစ်သတ်မြေမြှုပ်ခဲ့တဲ့အကြောင်း၊ ည ၇ နာရီလောက်မှာ ထီးပိုးကလိုးရွာအနား စစ်ကောင်စီတပ်တွေနဲ့ KNDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပြီး အရပ်သားတစ်ယောက်နဲ့ KNDF တပ်ဖွဲ့ဝင်တစ်ယောက် သေဆုံးခဲ့ပါတယ်။

ဇွန် ၁၀ ရက်နေ့မှာ ဒီးမော့ဆိုမြို့ ဆောင်ဒူခါကျေးရွာကို စစ်ကောင်စီတပ်တွေ ထိုးစစ်ဆင်လာတာကို KNDF တပ်တွေက ပြန်လည်ခုခံခဲ့ရာမှာ ၃ နာရီကြာတဲ့အထိ တိုက်ပွဲဖြစ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေက ဒီရက်ပိုင်းတွေမှာ ထပ်မံအင်အားဖြည့်လာကြပြီး ရွာတွေထဲက ခရစ်ယာန် ဘုရား ကျောင်းတွေမှာ တပ်စွဲတာ၊ ရွာတွေထဲ ဝင်ရောက်ပစ်ခတ်တာ၊ ဒုက္ခသည်စခန်းတွေကိုပါ စစ်ကြောင်းထိုး တာတွေရှိတဲ့အတွက် ဒုက္ခသည်စခန်းတွေကို ထပ်မံနေရာရွှေ့ပြောင်းနေကြရတယ်လို့ KNDF က ထုတ်ပြန် ထားပါတယ်။

ဒီနေ့ ဇွန် ၁၃ ရက် ဒီကနေ့မနက်ပိုင်း ကရင်နီ (ကယား) ပြည်နယ်ထဲက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး KNDF ကို ဆက်သွယ်ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

မေလနဲ့ ဇွန်လ ၁၂ ရက်နေ့အထိ ဆက်တိုက်ဖြစ်ပွားနေတဲ့ တစ်လကျော်ကြာ တိုက်ပွဲတွေကြောင့် ကရင်နီ (ကယား) ပြည်နယ်ထဲမှာ ဒုက္ခသည် တစ်သိန်းကျော်အထိရှိလာပြီး သူတို့အတွက် စားနပ်ရိက္ခာ ထောက်ပံ့ တဲ့ကားတွေ ဖျက်ဆီးခံရတာ၊ လမ်းတွေအပိတ်ခံထားရတာတွေကြောင့် ဒုက္ခသည်တွေကို ကူညီထောက်ပံ့ဖို့ အခက်ခဲတွေ ရင်ဆိုင်နေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတစ်ယောက်က ပြောပါတယ်။