မော်လိုက်မြို့ ထော်သာရွာမှာ စခန်းချနေတဲ့ စစ်တပ်ကို PDF တွေ ဝင်တိုက်

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ် ထော်သာရွာမှာ စခန်းချနေတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက မတ်လ ၁၄ ရက် မနေ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဗိုလ်အဆင့် အပါအဝင် ပျူစောထီး တပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့တယ်လို့ ကလေးဝ PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်တပ်ထောက်ခံသူအများစုရှိတဲ့ ထော်သာရွာမှာ စစ်သင်တန်းပေးနေတယ်ဆိုပြီး သတင်းရတဲ့အတွက် မနေ့က မနက် လေးနာရီလောက်မှာ ဝင်တိုက်ခဲ့တာလို့ ကလေးဝ PDF ယာယီတပ်ရင်းမှူး ကိုနော်အောင် က RFA ကို ပြောပါတယ်။

"ကျနော်တို့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တာပေါ့။ ဘေးပတ်ဝန်းကျင်က ထွက်လာတဲ့ ပျူစောထီး သုံးယောက် တိုက်ပွဲကျတယ်။ အဲဒီအိမ်ပေါ်မှာ ပျူစောထီး ခေါင်းဆောင်နေတဲ့အိမ်မှာပဲ အရာရှိဗိုလ်တစ်ယောက် ကျတယ်"

အဲဒီတိုက်ပွဲကြောင့် ထော်သာရွာနဲ့ အနီးနားရွာတွေက ဒေသခံရွာသား တစ်ထောင်ခန့် ဟာလည်း ဘေးလွတ်ရာ တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီတိုက်ပွဲမှာ ကာဘိုင်သေနတ်ငါးလက်၊ ကာဘိုင်ကျည် ၈၅၀ တောင့်နဲ့ ၅ . ၅၆ ကျည် ၃၉ တောင့်၊ A-3 ဗုံးသီး နှစ်လုံး၊ လက်ကိုင်ဖုန်း ခြောက်လုံး သိမ်းဆည်းရခဲ့ပြီး ရွာထဲက ပျူစောထီးခေါင်းဆောင်ရဲ့ အိမ်ကိုလည်း မီးရှို့ဖျက်ဆီးလိုက်တယ်လို့ ကလေးဝ PDF အဖွဲ့က မတ်လ ၁၄ ရက် မနေ့က ထုတ်ပြန်ထားပါတယ်။

ကလေးဝ PDF တပ်ဖွဲ့နဲ့အတူ မော်လိုက် PDF တပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး အထိ အခိုက်မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း PDF တပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

ပျူစောထီးဆိုတာမျိုးတွေ မရှိကြောင်း၊ အဲဒီဒေသမှာ နယ်မြေခံတွေရဲ့ တောင်းဆိုမှကြောင့် ဥပဒေအရ ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ပေးထားကြောင်း၊ အခုလည်း ပြည်သူ့စစ်အဖွဲ့တွေ ဖွဲ့ထားပြီးတဲ့ရွာတွေ မီးရှို့တာတွေလုပ်နေကြောင်း၊ ကျောင်းတွေဖွင့်ထားလို့ ဆရာ၊ ဆရာမတွေ သတ်ဖြတ်ခံရတာတွေရှိနေလို့ ဒေသ လုံခြုံရေးအရ ဖွဲ့ပေးထားတာလို့ စစ်ကောင်စီရဲ့ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က RFA ကို ဒီနေ့ နေ့လယ်က ပြောပါတယ်။

လက်ရှိအချိန်ထိ စစ်ကောင်စီတပ်တွေက တိုက်ပွဲဖြစ်ပွားရာရွာအနီးဝန်းကျင်မှာ လုံခြုံရေး တင်းကျပ်ထားပြီး စစ်သည်အင်အား ၇၀ ခန့်နဲ့ PDF တပ်ဖွဲ့ဝင်တွေကို တောနင်းရှာဖွေနေ ကြတယ်လို့ ပြောပါတယ်။