အင်းဒင်အခြေစိုက် စစ်ကောင်စီ နယ်ခြားစောင့်တပ်စခန်း AA သိမ်းပိုက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အင်းဒင်အခြေစိုက် အမှတ်-၆ နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (နခခ ၆) ကို ဇွန်လ ၆ ရက်မှာ ရက္ခိုင့်တပ်တော် (AA) က သိမ်းယူလိုက်တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

အင်းဒင် နခခ (၆) ဟာ မောင်တောနဲ့ ရသေ့တောင်မြို့နယ်က နယ်ခြားစောင့်စခန်းတွေ၊ ကင်းစခန်းတွေက စစ်ကောင်စီတပ်သားတွေ စုပေါင်းထားတဲ့ အင်အား ၆၀၀ နီးပါးရှိတဲ့ တပ်စခန်းဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“မနေ့ကပဲ အင်းဒင်စခန်းကို AA က သိမ်းလိုက်ပါပြီ။ အဲဒီစခန်းမှာက အင်အား ၆၀၀ ထက်မနည်းရှိတယ်။ နယ်ခြားစောင့်တပ်သားတွေနဲ့ တပ်သားစုပေါင်းထားတာ။ တပ်မမှူးလည်း အဲဒီမှာ စခန်းမှာထိုင်တာ။ စစ်တပ်က အကျအဆုံးများတယ်လို့ သိရတယ်။ တချို့တွေလည်း ထွက်ပြေးသွားတယ်တဲ့”

နခခ (၆) ကို AA က ဇွန်လ ၅ ရက်နေ့မှာပဲ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ကလည်း ကြည်း၊ ရေ၊ လေ ပေါင်းပြီး အပြင်းအထန်ခုခံခဲ့ပါတယ်။

နခခ ၆ ကို သိမ်းပိုက်လိုက်တယ်ဆိုတာနဲ့ပတ်သက်လို့ AA ပြောခွင့်ရ ဦးခိုင်သုခကို RFA က မေးမြန်းထားဆဲဖြစ်ပါတယ်။ အလားတူ ရခိုင်ပြည်နယ် စစ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမကိုင်ပါဘူး။

လက်ရှိမှာ မြင်းလွှတ်အခြေစိုက် နယ်ခြားစောင့်တပ်ဖွဲ့ခွဲ (၉) ကိုလည်း AA က ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်။ မောင်တောမြို့မှာ အကြီးဆုံးစခန်းဖြစ်တဲ့ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ကျီးကန်းပြင်ဌာနချုပ်ကိုလည်း မေလ ၂ ရက်မှာ AA က သိမ်းယူခဲ့ပါတယ်။

ဒါကြောင့် မောင်တောမြို့နယ်မှာ ၄ မိုင် နခခ (၂)၊ မောရဝတီ နခခ (၄)၊ မြို့သူကြီး နခခ (၅) နဲ့ မြင်းလွှတ် နခခ (၉) စတဲ့ စခန်း ငါးခုကျန်ရှိနေပါတယ်။

ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် တောင်ပိုင်းက မြို့နယ် ၁၀ မြို့နယ်ကို AA က သိမ်းပိုက်ထားပါတယ်။ အနောက်ပိုင်းတိုင်းစစ်ဌာချုပ် အခြေစိုက်ရာ အမ်းမြို့နယ်၊ သံတွဲမြို့နယ်နဲ့ မောင်တောမြို့နယ်တွေကို AA က ဆက်လက်ထိုးစစ်ဆင်နေပါတယ်။