စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ညောင်ပင်ကြီးရွာက စစ်ကောင်စီသတင်းပေး ဒလန်မိသားစုကို လာခေါ်တဲ့ စစ် ကောင်စီယာဉ်တန်း ဒီနေ့ မနက်ပိုင်း အပစ်ခံရတာကြောင့် စစ်ကောင်စီတပ်သား တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီရွာက ဒလန်မိသားစုကို ခင်ဦးရဲစခန်းကနေ ဆိုင်ကယ်၊ ကားတွေနဲ့ လာခေါ်ပြီးအပြန်မှာ ခင်ဦးပြည်သူ့ ကာကွယ်ရေးအဖွဲ့က အနောက်ကနေ လိုက်ပစ်တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ခင်ဦးဒေသခံက RFA ကို ပြောပါတယ်။
နေ့လယ် ၁၂ နာရီဝန်းကျင်မှာလည်း အပစ်ခံရတဲ့နေရာကို စစ်ကူလာတဲ့ စစ်ကား လေးစီးကို မြင်းဒေါင်းရွာနဲ့ မြကန်ရွာအကြားမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပဲ မိုင်း ၁၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
အဲဒီနေရာကို ခင်ဦးမြို့မှာရှိတဲ့ လူမှုကူညီရေးနဲ့ နာရေးကားနှစ်စီး လိုက်သွားတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်ဖောက်ခွဲခံရတာကြောင့် ထိခိုက်သေဆုံးမှု တိတိကျကျကို စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို RFA အနေနဲ့လည်း ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။