အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး စစ်ကောင်စီ တက်ခွင့်မရ

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ စစ်ကောင်စီရဲ့ အဆင့်မြင့်ကိုယ်စားလှယ် တက်ရောက် ခွင့်တားမြစ်တာကို အာဆီယံရဲ့ မူဝါဒအတိုင်း ကျင့်သုံးထားတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က ပြောတဲ့ အကြောင်း ဒီကနေ့ မေလ ၁၁ ရက်မှာ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကလည်း သူတို့အနေနဲ့ အဆင့်မြင့် ကိုယ်စားလှယ် တက်ခွင့်မရရင် အစည်းအဝေးမတက်ဘူးလို့ တုံ့ပြန်ထားပါတယ်။

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့မှာ မေလ ၁၂ ရက် ကနေ ၁၃ ရက်အထိ ပြုလုပ်မယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာ့အရေးဟာ ခေါင်းစဉ်တစ်ခုအနေနဲ့ ပါဝင်မယ်လို့လည်း ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်က ပြောပါတယ်။

စစ်ကောင်စီဟာ အာဆီယံရဲ့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည် မဖော်တဲ့အတွက် အာဆီယံရဲ့ ထိပ်သီးအစည်းအဝေးတွေမှာ မြန်မာနိုင်ငံက နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ကိုယ်စားလှယ်ကိုပဲ ဖိတ်ကြားဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလမှာ အာဆီယံက ဆုံးဖြတ်ခဲ့တာပါ။ ဒီဆုံးဖြတ်ချက်ကို အမေရိကန်က ထောက်ခံထားပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်ဆန်ထိရောက်တဲ့ ခရီးစဉ်တစ်ခုဖြစ်လာရေး၊ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ အပါအဝင် သက်ဆိုင်သူများအားလုံးနဲ့ ထိတွေ့ဆက်ဆံမှု အဆင်ပြေရေး၊ ဘုံသဘောတူညီချက် ငါးရပ်ကို မြန်မြန်ဆန်ဆန်နဲ့ ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ရေး စစ်ကောင်စီကို ဖိအားပေးတဲ့ အာဆီယံရဲ့ ကြိုးပမ်းမှုကို အမေရိကန်က အားပေးထောက်ခံတယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး အကူအညီပေးဖို့ မြန်မာ့ အကျပ်အတည်းအတွက် တရားမျှတပြီး ထိရောက်တဲ့ ဖြေရှင်းမှုကို ရှာဖွေဖို့ ပိုမိုတိုးမြှင့် လုပ်ဆောင်မယ်လို့လည်း နက်ဒ်ပရိုက်စ်က ပြောပါတယ်။