AA နဲ့ ဆက်စပ်တရားစွဲထားတဲ့ ကလေး ၂၆ ယောက်အမှု စစ်ကောင်စီရုပ်သိမ်း

ကိုဂျေ (ဝါရှင်တန် ဒီစီ)
2021.05.31

ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် AA နဲ့ ဆက်စပ်တယ်ဆိုပြီး စွပ်စွဲချက်တွေအရ အကြမ်းဖက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ အသက် ၁၈ နှစ် မပြည့်သေးတဲ့ လူငယ်တွေရဲ့အမှုကို မေလအတွင်းမှာပဲ ရုပ်သိမ်းလိုက်ပြီ လို့ ရခိုင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ပြောခွင့်ရသူ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ဒီကနေ့ RFA ကို အတည်ပြုပြောဆိုပါတယ်။

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA နဲ့ ပတ်သက်လို့ အခြေအနေတိုးတက်မှုအပေါ် မှာ အခုလိုရုပ်သိမ်းလိုက်တာလို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

"၁၇ မှုမှာ ၁၆ မှုက ရုပ်သိမ်းတယ်။ တစ်မှုက ပိတ်သိမ်းတယ်။ ရုပ်သိမ်းရတဲ့ အကြောင်းကတော့ နိုင်ငံတော် အဆင့်ကနေပြီးတော့ အမှုတွေနဲ့ ပတ်သက်ပြီးတော့ အဓိကတော့ NCA အပိုင်းတွေနဲ့ ဆိုင်တာပေါ့နော်။ NCA နဲ့ပတ်သက်ပြီးတော့ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ NCA ကို မဏ္ဍိုင်ပြုပြီးတော့ ဆောင်ရွက်နေကြတာတွေ ရှိတယ်။ ဆောင်ရွက်နေတဲ့အနေအထား တိုးတက်မှုအပေါ်မှာနေပြီးတော့ ရုပ်သိမ်းတယ်လို့ပဲ ငါတို့က သိတယ်"

ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့က ရက္ခိုင့်တပ်တော် AA ကို အကြမ်းဖက်အဖွဲ့ကနေ ရုပ်သိမ်းကြောင်း စစ်ကောင်စီ ရဲ့ တရားဝင်ထုတ်ပြန်ချက် ထွက်ပြီးတဲ့နောက် အခုလို အမှုတွေပြန်ပြီး ရုပ်သိမ်းနေတာပါ။

ရုပ်သိမ်းလိုက်တဲ့ ၁၇ မှုမှာ လူငယ် စုစုပေါင်း ၂၆ ဦးပါရှိပြီး၊ သူတို့ကို ၂၀၁၉၊ ၂၀၂၀ ခုနှစ်တွေမှာ စစ်တပ်က ဖမ်းပြီး တရားစွဲထားတာ ဖြစ်ပါတယ်။ သူတို့ကို ကလေးသူငယ်အခွင့်အရေးနဲ့ အာမခံရပြီး အပြင်ကနေ တရားရင်ဆိုင်နေကြရတာလို့ သဇင် ဥပဒေအထောက်အကူပြုအဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

အသက် ၁၈ နှစ်အောက်ကလေးတွေအပြင် အကြမ်းဖက်ဥပဒေတွေနဲ့ ဖမ်းဆီးတရားစွဲခံထားရတဲ့ ၁၈ နှစ် အထက် အမှုတွေကိုလည်း ရုပ်သိမ်းသွားဖို့ ရှိတယ်လို့လည်း ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။

"တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေ NCA ကို မဏ္ဍိုင်ပြုပြီး ဆောင်ရွက်နေကြတာတွေရှိတယ်"

၁၈ နှစ်အထက် ဖမ်းဆီး တရားစွဲခံထားရသူကတော့ အယောက် ၂၀၀ ရှိတယ်လို့ သဇင်ဥပဒေ အထောက် အကူပြု အဖွဲ့ရဲ့ စာရင်းတွေအရ သိရပါတယ်။

အဲဒီလူတွေထဲမှာ ရက္ခိုင့်တပ်တော် AA ရဲ့ခေါင်းဆောင် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ရဲ့ မိသားစုဝင်တွေလည်း ပါဝင်ပါတယ်။

သူတို့ဟာ AA နဲ့ ဆက်စပ်တယ်ဆိုတဲ့ သံသယနဲ့ တပ်မတော်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (က)၊ ၅၀ (ဈ)၊ ၅၀ (ည)၊ ၅၀ (ဃ)၊ ၅၁ (က)၊ ၅၁ (ဂ)၊ ၅၂၊ ၅၂ (က)၊ ၅၂ (ခ) စတဲ့ ပုဒ်မတွေနဲ့ တပ်မတော်က တရားလိုလုပ်ပြီး တရားစွဲခံနေရတာပါ။

အကြမ်းဖက်ဥပဒေပုဒ်မနဲ့ နှစ်နှစ်ကျော်ကြာ ဖမ်းဆီးတရားစွဲခံနေရတဲ့ မြောက်ဦးမြို့နယ် လက္ကာရွာက ဦးခင်မောင်စိုးရဲ့ ဇနီးဖြစ်သူ ဒေါ်သိန်းမယဉ်က ဖမ်းထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆို ပါတယ်လို့ RFA ကို ပြောပါတယ်။

“ကျွန်မတို့ အမျိုးသားတွေကို အမှုတွေ ရုပ်သိမ်းမယ်ဆိုတော့ ကျွန်မတို့ကတော့ မပြောပြနိုင်လောက် အောင်အထိ ဝမ်းသာပါတယ်။ အခု ကျွန်မတို့မှာ နေစရာလည်း မရှိတော့ဘူး။ စားစရာလည်းမရှိတော့ဘူး။ အဖွဲ့အစည်းတွေက လှူဒါန်းမှ စားနေရပါတယ်။ ရုံးချိန်းကလည်း တစ်လမှာ သုံးခါ၊ လေးခါ သွားနေရ တယ်။ အခုရုံးချိန်းလည်း မသွားနိုင်တော့ဘူး။ မိုးရာသီလည်း ရောက်တော့မယ်ဆိုတော့ အိမ်တွေလည်း ပြင်ရဦးမယ်။ လယ်တွေလည်း ထွန်ရဦးမယ်။ အဲဒါနဲ့ သူတို့ကိုပေါ့နော် အမှုတွေကို ရုပ်သိမ်းမယ် ဆိုရင်လည်း မြန်မြန်လေးရုပ်သိမ်းပြီးတော့ မြန်မြန်လေးလွှတ်ပေးပါလို့ မေတ္တာရပ်ခံပါတယ်”

အဲဒီလက္ကာကျေးရွာအနီးမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလ ၁၀ ရက်နေ့က စစ်တပ်နဲ့ ရက္ခိုင်တော် AA တို့ တိုက်ပွဲအပြီး ဒေါ်သိန်းမယဉ်ရဲ့အမျိုးသား ဦးခင်မောင်စိုး အပါအဝင် ရွာသား ၂၇ ဦးကို တပ်မတော်က ဖမ်းဆီးခဲ့တာပါ။

latkar.jpeg
(မြောက်ဦးမြို့နယ်က လက္ကာရွာသားတွေကို စစ်တွေခရိုင်တရားရုံးမှာ ၂၀၁၉ ဇွန် ၂၀ ရက်နေ့က ရုံးထုတ်စဉ်)

အဲဒီလူတွေထဲက ကိုဇော်မျိုးထွန်း၊ ဦးသိန်းထွန်းစိန်နဲ့ ဦးမောင်သန်းနုတို့ သုံးဦးက စစ်ကြောရေးမှာ သေဆုံးသွားပါတယ်။

ကျန်တဲ့သူတွေကိုတော့ AA နဲ့ ဆက်စပ်တယ်ဆိုပြီး စစ်တွေတပ်နယ်က ဗိုလ်ကြီး ထင်လင်းနဲ့ အမှတ်-၃၁ လုံခြုံရေး ရဲတပ်ဖွဲ့ခွဲက ဒုရဲမှူး ဇော်မျိုးဝင်းတို့က တရားလိုလုပ်ပြီး ၂၀၁၄ ခုနှစ် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နဲ့ ၁၉၄၉ ခုနှစ် လက်နက်အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ-၂ (၁) နဲ့ စစ်တွေခရိုင်တရားရုံးမှာ တရားစွဲခဲ့တာဖြစ်ပြီး အခုအချိန်ထိ အမှုရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

အကြမ်းဖက်အမှုတွေနဲ့ ပတ်သက်လို့ လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင် က အခုလို ကလေးအမှုတွေ ရုပ်သိမ်းတာကို ကြိုဆိုတယ်လို့ RFA ကိုပြောပါတယ်။

“မင်္ဂလာသတင်းပါပဲ။ ကောင်းပါတယ်။ ကလေးအမှုတွေကို ရုပ်သိမ်းတယ်။ နောက်ပြီးတော့ အကြမ်းဖက် အမှုတွေကိုလည်း ရုပ်သိမ်းမယ်ကြားရတာကတော့ ကျွန်တော်တို့လည်း ကြိုဆိုတယ်။ ဝမ်းသာတယ်။ အများအားဖြင့် အကြမ်းဖက်မှုနဲ့စွဲထားတဲ့ဟာတွေက လက်ရှိ အမှုအနေအထားအရ ဆိုလို့ရှိရင် တရားခံ တွေကို အပြစ်ပေးနိုင်လောက်တဲ့ အနေအထား သိပ်မတွေ့ရဘူးဗျ။”

အမှုတွေ ရုပ်သိမ်းလိုက်တဲ့အတွက် ရခိုင်ပြည်နယ်မှာ စစ်ရေးတွေ၊ နိုင်ငံရေးတွေ ပိုပြီးတော့ တည်ငြိမ်သွားမယ် လို့ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်မောင်လတ် က ယူဆပါတယ်။

“ဖမ်းကတည်းကလည်း စစ်ရေးပဋိပက္ခ ပြင်းထန်လို့ဖမ်းခဲ့တာ။ ဥပဒေအရ သိပ်ခိုင်ခိုင်လုံလုံရှိလို့ ဖမ်းခဲ့တာလည်း မဟုတ်ဘူး။ ဆိုတော့ အစောဆုံး လွှတ်ပေးတာ အကောင်းဆုံးပါပဲ။ ဒေသလည်း တည်ငြိမ် သွားမယ်။ စစ်ရေးပဋိပက္ခတွေလည်း လျော့သွားမယ်။ နိုင်ငံရေးနဲ့ လူမှုရေးတွေလည်း အကုန်လုံး တည်ငြိမ် သွားနိုင်တယ်။ ကောင်းကျိုးပဲရှိပါတယ်”

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ရပ်စဲနေခဲ့တာ အခုဆိုရင် ခုနစ်လကျော်ပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။