ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေထက် ပါဝင်သင့်သူ ရှိမလားလို့ စစ်ကောင်စီ မေးခွန်းထုတ်

2022.05.11
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားတွေထက် ပါဝင်သင့်သူ ရှိမလားလို့ စစ်ကောင်စီ မေးခွန်းထုတ် ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့က၊ နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို တွေ့ရစဉ်။
Photo:AFP

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ဒေသကာကွယ်ရေးတပ် PDF တွေမပါဝင်လို့ အငြင်းပွားနေတဲ့ စစ်ခေါင်းဆောင်ကဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တိုင်းရင်းသားအဖွဲ့အစည်းတွေထက် ပါဝင်ထိုက်သူတွေ ရှိနိုင်ဦးမလားဆိုပြီး အာဏာသိမ်းစစ်တပ်ဘက်က မေးခွန်းထုတ်လိုက်ပါတယ်။

စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက “ ပါဝင်သင့်၊ပါဝင်ထိုက်တဲ့သူ အားလုံးဆိုတဲ့နေရာမှာ EAO တွေထက် ပါဝင်သင့် ပါဝင်ထိုက်တဲ့သူ ဘယ်သူများ ရှိဦးမှာလဲ။ ပုဂ္ဂိုလ်ရေးရာထက် ဒီအချိန်ဟာ အချိန်ကောင်းပဲဖြစ်တယ်။ အချိန်ကောင်းဖြစ်တဲ့အတွက် ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ မလာဘူးဆိုတဲ့အဖွဲ့တွေကတော့ သူတို့ရဲ့သဘောထား၊ ပြည်သူလူထုနဲ့ ဒေသခံလူထုပေါ်မှာ ထားရှိတဲ့ သဘောထားပေါ်လွင်လာတယ်လို့ပဲ ကျွန်တော်ပြောလိုပါတယ်။” လို့ ပြောပါတယ်။

စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးကမ်းလှမ်းချက်မှာ NUG နဲ့ PDF ကိုဖိတ်ခေါ်မှုမရှိလို့ ကန့်သတ်တဲ့ပုံစံဖြစ်တဲ့အတွက် မတက်ရောက်ဘူးလို့ အင်အားကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက ပြောကြားလိုက်ချိန်မှာ စစ်ကောင်စီက အခုလိုမေးခွန်းထုတ်လာတာပါ။

လက်ရှိမှာ စစ်ကောင်စီက ဖိတ်ကြားတဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အပစ်ရပ်လက်မှတ်ထိုးပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့နဲ့ အပစ်ရပ်လက်မှတ်မထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၃ ဖွဲ့က တက်ရောက်ဖို့ စာရင်း ပေးထားပါတယ်။

ဒီအဖွဲ့တွေဟာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်နေတဲ့အဖွဲ့အစည်းတွေမဟုတ်တဲ့အတွက် အမှန်တကယ်ငြိမ်းချမ်းရေး ရချင်တယ်ဆိုရင် လက်ရှိတိုက်ပွဲဖြစ်နေတဲ့အဖွဲ့တွေနဲ့ အဓိကထား ဆွေးနွေးသင့်ပြီး အဲ့ဒီအဖွဲ့တွေနဲ့ ချိတ်ဆက် ဆောင်ရွက်နေတဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ PDF တွေအပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ လည်းတွေ့ဆုံဆွေးနွေးဖို့ လိုတယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က RFA ကို မေလ ၁၁ ရက်နေ့ ဒီနေ့ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် KIA၊ KNPP၊ CNFနဲ့ ABSDF တို့က အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲမဟုတ်လို့ မတက်ရောက်ဘူးလို့ ပြောထားပါတယ်။

KNU က ငြိမ်းချမ်းရေးကို တည်ဆောက်မယ်ဆိုရင် သက်ဆိုင်သူအားလုံးပါဝင်တဲ့ တွေ့ဆုံမှုဖြစ်ဖို့လိုပြီး လက်ရှိဖိတ်ကြားတဲ့ပုံစံဟာ ကန့်သတ်ဖိတ်ကြားတဲ့ပုံစံဖြစ်ပြီး အားလုံးမပါဝင်တဲ့ အခင်းအကျင်းဖြစ်နေတဲ့ အတွက်မတက်ရောက်ဘူးလို့ ပြောပါတယ်။

စစ်ကောင်စီက NUG နဲ့ PDF အဖွဲ့တွေကို အကြမ်းဖက်အဖွဲ့အစည်းတွေအဖြစ်သတ်မှတ်ထားပြီး အကြမ်းဖက် အဖွဲ့တွေကလွဲရင်ကျန်တိုင်းရင်းသားအဖွဲ့တွေနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုယ်တိုင် တွေ့ဆုံမယ်လို့ ပြောထားပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ချို့နဲ့ တွေ့ဆုံမယ့် အစည်းအဝေးကျင်းပချိန်ကို စစ်ကောင်စီဘက်က သတ်မှတ်ပေးတာထက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တုံ့ပြန်ချက်ပေါ် မူတည်ပြီး လုပ်ဆောင်သွားမယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။