နေအိမ်၊ တိုက်ခန်းတွေမှာ ဧည့်စာရင်းမတိုင်ဘဲ ငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုကျူးလွန်ရင် အဲဒီ နေအိမ်၊ တိုက်ခန်းတွေကို သက်သေခံအဖြစ် သိမ်းဆည်းခံရမှာဖြစ်သလို စစ်ဆေးပေါ်ပေါက်ရင် နိုင်ငံပိုင်သိမ်းယူ သွားမယ်လို့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီနေ့ စက်တင်ဘာလ ၉ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
ဒီလိုဖြစ်စဉ်အတွက် နေအိမ်၊ တိုက်ခန်း ပိုင်ရှင်မှာလည်း တာဝန်ရှိမှာဖြစ်တဲ့အတွက် သက်ဆိုင်ရာဥပဒေနဲ့ အရေးယူမယ်လို့လည်း ဖော်ပြထားပါတယ်။
ဒီလို အမိန့် ထုတ်ပြန်ရတာဟာ ဇွန် ၈ ရက်က မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရွေးစုအနောက်ကျေးရွာက နေအိမ်တစ်ခုမှာ လက်နက်နဲ့ ကျည်ဆန်တွေ သိမ်းဆည်ရမိတာ၊ မန္တလေးမြို့ပေါ်မှာ ဇွန် ၂၂ ရက်က အမည် မသိလက်နက်ကိုင်အဖွဲ့က တိုက်ခန်းတစ်ခုကနေ တိုက်ခိုက်ခဲ့တာ၊ ရန်ကုန်မြို့ပတ်ရထားပေါ်မှာ ဩဂုတ်လ ၄ ရက်နေ့က ရဲတပ်ဖွဲ့ဝင် ငါးယောက် သေဆုံးတာတို့ကြောင့်ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အဲဒီဖြစ်စဉ်တွေကို စုံစမ်းဖော်ထုတ်ချက်အရ နေအိမ်၊ တိုက်ခန်း ငှားရမ်နေထိုင်သူတွေဟာ ဧည့်စာရင်းတိုင်ဖို့ လိုသလို အိမ်ရှင်တွေဘက်ကလည်း သံသယရှိရင် အချိန်မီသတင်းပို့ပြီး ပူးပေါင်းပါဝင်ဖို့လိုကြောင်း ထုတ်ပြန် ချက်မှာ ရေးသားထားပါတယ်။
ဒီလိုထုတ်ပြန်တာနဲ့ ပတ်သက်လို့ ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ လူငယ်တစ်ဦးကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ လက်တွေ့မဆန်ဘူးလို့ တုံ့ပြန်ပါတယ်။
"PDF တွေက ကျွန်တော် PDF ပါလို့ ပြောပြီး အိမ်ငှားတယ်လို့ ယူဆနေပုံရပါတယ်။ နိုင်ငံပိုင်သိမ်းတယ် ဆိုတာ သူတို့အပိုင်သိမ်းတာပါပဲ။ ဘယ်လိုပဲ ခေါင်းစဉ်တပ်တပ်ပေါ့"
ရန်ကုန်မြို့က အမည်မဖော်လိုတဲ့ တိုက်ခန်းရမ်းနေထိုင်သူတစ်ဦးကလည်း စစ်ကောင်စီရဲ့ စစ်ကောင်စီက ဧည့်စာရင်းတိုင်ဖို့ ဖိအားပေးနေတာလို့ ယူဆတာကြောင့် လက်ခံမှာမဟုတ်ဘူးလို့ ပြောပါတယ်။