နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တဲ့ မိုးဗြဲမြို့ပေါ်က စစ်ကောင်စီတပ်တွေ ပြန်ဆုတ်သွား

ရှမ်းပြည်နယ်တောင်ပိုင်း (ကယားပြည်နယ်အစပ်) မှာရှိတဲ့ မိုးဗြဲမြို့ပေါ်က ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၁၂ ရက်နေ့မှာ ဆုတ်ခွာသွားပြီလို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ် (မိုးဗြဲ PDF) ရဲ့ တာဝန်ခံက RFA ကို ပြောပါတယ်။

မိုးဗြဲမြို့ပေါ်မှာ စက်တင်ဘာလ ၈ ရက်နေ့ကစပြီး စစ်ကောင်စီတပ်နဲ့ ကရင်နီ ဒေသ ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား ငါးရက်တာတိုက်ပွဲဖြစ်ခဲ့ပြီး စက်တင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေ ဆုတ်ခွာသွားတာလို့ မိုးဗြဲ PDF ရဲ့ တာဝန်ခံက ပြောပါတယ်။

"မနေ့ညကတည်းက စစ်ကောင်စီတပ် တပ်ဆုတ်လိုက်ပြီ။ အခုက အေးချမ်းတယ်တော့ မဟုတ်ဘူး။ ပြည်သူတွေရဲ့ အိမ်အပျက်အစီးများတော့ တချို့က ပစ္စည်းတွေ ပြန်ယူ တာတွေ ရှိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မိုးဗြဲက ဒီပုံစံအတိုင်းဆို သူတို့ပြန်လာရင် တိုက်ပွဲအချိန်မရွေး ပြန်ဖြစ်နိုင်တယ်ပေါ့နော်။ သူတို့ကြဲတဲ့ ဗုံးတစ်လုံးက လူအရပ် ခြောက်ပေလောက်ရှိတယ်"

လက်ရှိ တိုက်ပွဲရပ်တန့်နေပေမယ့် မိုးဗြဲဒေသခံတွေကတော့ မြို့ပေါ်မှာ နေထိုင်ဖို့ စိုးရိမ်နေကြတယ်လို့ သူက ဆက်ပြောပါတယ်။

တိုက်ပွဲ ငါးရက်အတွင်းမှာ စစ်ကောင်စီတပ်ဟာ ရုရှားနိုင်ငံထုတ် Yak-130 အမျိုးအစား ဂျက်လေယာဉ်နဲ့ တရုတ်နိုင်ငံထုတ် K-8 ဂျက်တိုက်လေယာဉ်တွေ အသုံးပြုပြီး လေကြောင်းကနေ တိုက်ခိုက်မှုပေါင်း ၁၅ ကြိမ်ခန့် လုပ်ဆောင်ခဲ့တာကြောင့် မြို့ပေါ်က လူနေရပ်ကွက်တွေမှာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လွိုင်ကော်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၄၂၂) ကနေ ၆၀ မမ၊ ၈၀ မမ၊ ၁၂၀ မမ လက်နက်ကြီး ကျည်အလုံး ၁၅၀ ထက်မနည်း ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ နေအိမ် ၁၅၀ ခန့် ပျက်စီးခဲ့ရတယ်လို့ ပြောပါတယ်။

ဒီတိုက်ပွဲထဲမှာ အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦးနဲ့ အသက် ငါးနှစ်အရွယ် ကလေး တစ်ဦး အပါအဝင် အရပ်သား သုံးဦးသေဆုံးခဲ့ရတယ်လို့ မိုးဗြဲမြို့ခံတွေက RFA ကို ပြောပါတယ်။

မိုးဗြဲ PDF နဲ့ ပူးပေါင်းတပ်တွေဘက်က နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူ ၁၉ ဦးရှိခဲ့သလို စစ်ကောင်စီဘက်က သေဆုံးသူ ၆၀ ထက်မနည်း ရှိနိုင်တယ်လို့ မိုးဗြဲ PDF က ပြောပါတယ်။

စစ်ကောင်စီတပ်ဘက် ထိခိုက်သေဆုံးတဲ့ အ‌ခြေအနေ အတိအကျကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

စက်တင်ဘာလ ၈ ရက်နေ့က အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်ဟာ ဝှါရီဆူးပလိုင် ရွာကနေ မိုးဗြဲမြို့ပေါ်ကို ဆုတ်ခွာလာတာဖြစ်ပြီး မြို့ပေါ်မှာ ငါးရက်တာ တိုက်ပွဲဖြစ်ပြီး နောက် မိုးဗြဲမြို့ပေါ်ကနေ အရှေ့မြောက်ဘက်မှာရှိတဲ့ ဖာလိုင်တောင်ခြေရွာဘက်ကို ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။