တောင်ကိုရီးယားနိုင်ငံရောက် မြန်မာပြည်ဒီမိုကရေစီပြန်လည်ရရှိရေးလှုပ်ရှားသူတွေဟာ မနေ့မနက် က ဆိုးလ်မြို့ရှိ တောင်ကိုရီးယားလွှတ်တော်ကို သွားရောက်ပြီး မကြာခင်က ဖွဲ့စည်းလိုက်တဲ့ NUG အမျိုးသားညွန့်ပေါင်းအစိုးရကို တရားဝင်အသိအမှတ်ပြုဖို့တောင်းဆိုခဲ့ကြပါတယ်။ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ပြီး လွှတ်တော်ကို စာတစောင်ပေးပို့ခဲ့ကြတယ်လို့ NLD နိုင်ငံတကာစည်းရုံးရေးကော်မတီ ကိုရီးယားဌာန ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်းက RFA ကိုပြောပါတယ်။
“အဲဒီ တောင်းဆိုစာပေးပွဲမှာ ကိုရီးယားနိုင်ငံရဲ့ လက်ရှိအာဏာရပါတီ အမတ်တွေဖြစ်တဲ့ ကိုရီးယား-မြန်မာ လွှတ်တော်အမတ်များ ချစ်ကြည်ရေးအသင်းရဲ့ ဒုတိယ ဥက္ကဋ္ဌဖြစ်တဲ့ လွှတ်တော်အမတ်နဲ့အတူ အခြားလွှတ်တော်အမတ် စုစုပေါင်း ၅ ဦးကလည်း ကျနော်တို့နဲ့အတူ ပူးပေါင်းပြီး သတင်းစာရှင်းလင်းပွဲမှာ ပါဝင်ခဲ့ပါတယ်။ သူတို့ကတော့ ဒီ လက်ရှိအာဏာရပါတီအနေနဲ့ လွှတ်တော်အမတ်များ အားလုံးက အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို တခဲနက် အားပေးထောက်ခံမှာ ဖြစ်ပါတယ်။ အဲဒီအတွက် မကြာမီမှာ လွှတ်တော်ကို တင်သွင်းပြီး လွှတ်တော်က အသိအမှတ်ပြုပြီးတဲ့ အခြေအနေရောက်အောင် ကြိုးစားသွားမယ်လို့ သူတို့က ပြောကြားခဲ့ပါတယ်။”
အဲဒီနောက် မြန်မာတွေဟာ လက်ရှိအာဆီယံအဖွဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဘရူနိုင်း နိုင်ငံသံရုံးကို သွားရောက်ပြီး အခု ဧပြီလ ၂၄ ရက်နေ့ကျင်းပမယ့် အာဆီယံအစည်းအဝေးကို တက်ရောက်ဖို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကိုဖိတ်ကြားမှုအတွက် ကန့်ကွက်ဆန္ဒပြကြပါတယ်။ အာဆီယံအနေနဲ့ NUG အစိုးရကိုသာ ဖိတ်ကြားသင့်ကြောင်းလည်း သူတို့က သံရုံးကို စာတစောင်ပေးခဲ့ပါတယ်။ သံရုံးကတဆင့် တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းရှိရာ အိမ်တော်ကို သွားရောက်ပြီး NUG ကို အသိအမှတ်ပြုဖို့ ထပ်မံဆန္ဒပြတောင်းဆိုကာ စာတစောင် ပေးပို့ခဲ့ကြပါတယ်။
“တာဝန်ရှိတဲ့အရာရှိက ကျနော်တို့ကို တွေ့ဆုံလက်ခံပြီး ကျနော်တို့ပေးတဲ့စာကို ယူပါတယ်၊ ချက်ချင်းဘဲ ကိုးရီးယား သမ္မတ မွန်ဂျေအင်းထံကို ဒီစာကိုရောက်အောင် ပေးပါ့မယ်လို့ ကတိပြုခဲ့ပါတယ်။”
နေ့လည်ပိုင်းမှာတော့ မြန်မာ့အရေးလှုပ်ရှားသူတွေဟာ ကိုရီယားနိုင်ငံလုံးဆိုင်ရာ ခရစ်ယာန်အသင်းချုပ် ဥက္ကဋ္ဌ မစ္စတာ စိုးဂန်ဆော့ ထံကို သွားရောက်ပြီး NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့ အသင်းချုပ် ဥက္ကဋ္ဌတို့ အွန်လိုင်းကတဆင့် ဆက်သွယ် ပြောကြားခဲ့ကြတယ်လို့ ဦးရန်နိုင်ထွန်း က ပြောပါတယ်။
“ခရစ်ယာန်အသင်းချုပ် ဥက္ကဋ္ဌကလည်း ဒီကိုးရီးယားနိုင်ငံမှာ ရှိတဲ့ ခရစ်ယာန်ဘာသာဝင် အားလုံးနဲ့အတူ ကမ္ဘာတဝန်းလုံးက ခရစ်ယာန်ဘာသာဝင်တွေ အားလုံးကို သူတို့က တစုတည်း ညီညီညွတ်ညွတ်နဲ့ စည်းရုံးထားပြီးတော့ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကို ဆောင်ရွက်ပေးဖို့အတွက် သူတို့အသင့်အနေအထား ရှိတဲ့အကြောင်းကို ကတိစကားပြောခဲ့ပါတယ်။ ကျနော်တို့ ဝန်ကြီးချုပ်ကလဲ အခုလို အားပေးတဲ့အတွက် ထောက်ခံပေးတဲ့အတွက် ခရစ်ယာန်ဘာသာဝင် အကုန်လုံးကို သူ့အနေနဲ့ ကျေးဇူးအထူးတင်ရှိပါတယ် ဆိုတဲ့အကြောင်းနဲ့ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ပေးကြဖို့လဲ မေတ္တာရပ်ခံခဲ့ပါတယ်”
မြန်မာပြည် ဒီမိုကရေစီပြန်လည်ရရှိရေးအတွက် တောင်ကိုရီးယားရှိ မြန်မာတွေက လှူဒါန်းငွေတွေ ကောက်ခံခဲ့ရာမှာ ဒီနေ့အထိ အမေရိကန်ဒေါ်လာ ၅ သိန်းကျော်ရရှိခဲ့ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းပေါင်း ၃ဝဝဝ ကျော်ကို ငွေကျပ်သိန်းပေါင်း ၄ဝဝဝ ကျော်လှူဒါန်းခဲ့ပြီးပြီလို့ သိရပါတယ်။
ဒီအတောအတွင်း ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူ ကိုမိုးကြီးကလည်း သူတို့အဖွဲ့အနေနဲ့ အလှူငွေ ကျပ်သိန်း ၂ဝဝဝ ကျော် ကောက်ခံရရှိခဲ့ပြီလို့ RFA ကို မနေ့ညက ပြောပါတယ်။
“ကျနော်တို့ ပေးပို့လှူဒါန်းတဲ့အစီအစဉ်က နံပါတ်(၁) က CDM အတွက်ပါ။ ဒုတိယက Defense အတွက် ဝေါ်ကီတော်ကီ၊ ဒိုင်းကာ၊ လက်အိတ်၊ ဖိနပ်၊ ဓာတ်ငွေ့ကာ မျက်နှာဖုံး တို့ ပေးပို့လှူဒါန်းသလို ကျဆုံးသွားတဲ့သူတွေအတွက် အနေနဲ့ကတော့ တမူး၊ မြိုင်၊ ပလက်ဝ၊ ကလေး၊ လှိုင်သာယာ၊ ဗန်းမော် တို့ မိုးကောင်းတို့ကို ပေးပို့လှူဒါန်းပါတယ်။ အဓိက မြို့ကြီး ၃ မြို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကို ကျပ်သိန်း ၁၂ဝဝ ကျော် လှူဒါန်းပြီးပါပြီ နောက်ထပ်လဲ ထပ်လှူဖို့ အစီအစဉ်ရှိပါတယ်။ ကျနော်တို့ ကိုဗစ်အတွက် ကောက်ခံငွေ ကျပ်သိန်း ၁ဝဝဝ ကျော် ရရှိထားခဲ့တာကိုလည်း CDM နဲ့ စစ်ဘေးဒုက္ခသည်တွေအတွက် လှူဒါန်းသွားမှာပါ”
ဒါကတော့ မနေ့က နောက်ဆုံးရရှိတဲ့ တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံက သတင်းတွေပါ။