ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ပြီးမှ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌပြော

RFA Burmese
2023.09.03
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ပြီးမှ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌပြော ရန်ကုန်မြို့ရှိ ရပ်ကွက်တစ်ခုတွင် လူဦးရေစာရင်းကောက်ယူနေသည်ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

လာမယ့် ၂၀၂၄ ခုနှစ်မှာ နိုင်ငံတစ်ဝန်း ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှာ ဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်ပြီးမှ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ ၁ ရက်မှာ ကျင်းပတဲ့ စစ်ကောင်စီအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းမှုရှိအောင် ဆောင်ရွက်မည်လို့လည်း ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်း မှားယွင်းမှုတွေ ရှိခဲ့တာကြောင့် အခုကျင်းပမယ့် ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး သန်းခေါင်စာရင်းကောက်ယူပြီးမှ ထွက်လာတဲ့လူဦးရေစာရင်းကို အခြေတည်ပြီး မဲစာရင်း ပြုစုနိုင်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌက ပြောဆိုပါတယ်။

ရန်ကုန်မြို့ခံတစ်ဦးကတော့ စစ်ကောင်စီဟာ သန်းခေါင်စာရင်းကောက်နိုင်မှာ မဟုတ်သလို ရွေးကောက်ပွဲလည်းဖြစ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

"တစ်နိုင်ငံလုံးက ပြည်သူတွေ ဖရိုဖရဲ ဖြစ်နေတာ။ ဘယ်လိုလုပ် သန်းခေါင်စာရင်း ကောက်လို့ရနိုင်မလဲ။ ကောက်တယ်ဆိုရင်တော့ ဒါဟာ မြို့မှာနေတဲ့သူနဲ့ တောထဲရောက်သွားတဲ့ အရည်အတွက်ကို တွက်ချက်ချင်တာပဲ ဖြစ်မှာပါ"

လက်ရှိမှာ ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းကလွဲလို့ ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ လက်နက်ကိုင် ခုခံသူတွေအကြား တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

၂၀၂၂ ခုနှစ်တုန်းကလည်း ရွေးကောက်ပွဲအတွက် မဲစာရင်းကောက်ယူဖို့ စစ်ကောင်စီက ကြိုးပမ်းခဲ့ပေမယ့် လက်နက်ကိုင်ခုခံသူတွေရဲ့ ဆန့်ကျင်မှုတွေကြောင့် မအောင်မြင်ခဲ့ပါဘူး။

စစ်ကောင်စီဥက္ကဋ္ဌကတော့ နှောင့်ယှက်တားဆီးမှုတွေရှိပေမယ့် မဲစာရင်းကောက်ယူမှုကို ဆက်ပြီးလုပ်ဆောင်မယ်လို့ ပြောဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။