တက္ကသိုလ်လေ့ကျင့်ရေးတပ်တွေကို စစ်သင်တန်းပေးနေကြောင်း စစ်ကောင်စီ ထုတ်ပြန်
2025.02.10

နေပြည်တော်အပါအဝင် ပြည်နယ်နဲ့ တိုင်းတချို့မှာရှိတဲ့ တက္ကသိုလ်လေ့ကျင့်ရေးတပ်က တပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ကစပြီး စစ်သင်တန်းပေးနေကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
နေပြည်တော်ကောင်စီနယ်မြေ၊ ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့၊ မွန်ပြည်နယ် မော်လမြိုင်မြို့၊ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်၊ ဧရာဝတီတိုင်း ပုသိမ်မြို့၊ ပဲခူးတိုင်း တောင်ငူမြို့က နယ်မြေခံသင်တန်းကျောင်းတွေမှာ သင်တန်းပေးတာပါ။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တက္ကသိုလ်လေ့ကျင့်ရေးတပ်ဖွဲ့မှာ ပါဝင်ဖို့ မိမိဆန္ဒအလျှောက် စာရင်းပေးထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေနဲ့ ဆရာ၊ ဆရာမတွေကို ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့စစ်နဲ့ နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံးက သင်တန်းပေးတာလို့ စစ်ကောင်စီက ပြောပါတယ်။
ပထမနှစ် အခြေခံ စစ်ပညာသင်တန်း၊ ဒုတိယနှစ် အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ် တန်းမြင့်စစ်ပညာသင်တန်း၊ ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းတွေကို သင်ကြားပေးနေတာဖြစ်ပါတယ်။ သင်တန်းမှာ သာမာန်သင်တန်းချိန်နဲ့ စခန်းချလေ့ကျင့်ခြင်းတွေကို သင်ကြားသွားမယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။
သင်တန်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူ အရေအတွက်ကိုတော့ စစ်ကောင်စီက ထုတ်ပြန်တာမရှိပါဘူး။
၂၀၂၃- ၂၀၂၄ ပညာသင်နှစ်မှာ ဖွင့်လှစ်ခဲ့တဲ့ သင်တန်းမှာတော့ ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၇၆၈ ဦးတက်ရောက်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပြီး ကိုယ်လက်ကြံ့ခိုင်ရေးဘာသာရပ်၊ မြန်မာ့သိုင်းဘာသာရပ်၊ စစ်ရေးပြဘာသာရပ်၊ လက်နက်ငယ်ဘာသာရပ်၊ ကိုယ်စီစစ်မြေပြင်ကျွမ်းကျင်မှုဘာသာရပ်၊ စစ်နည်းဗျူဟာဘာသာရပ်၊ သဘောတရားရေးဆိုင်ရာဘာသာရပ်၊ စစ်မြေပြင်အင်ဂျင်နီယာဘာသာရပ်၊ ကျန်းမာရေးနဲ့ ရှေးဦးသူနာပြုဘာသာရပ်တွေနဲ့ စက်ပစ်ကွင်းလက်တွေ့ပစ်ခတ်ခြင်းသင်ခန်းစာတွေကို လေ့ကျင့်သင်ကြားပေးတယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ ကျင်းပတဲ့ သင်တန်းဖွင့်ပွဲကို သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေက တိုင်းမှူတွေနဲ့ တက္ကသိုလ်တွေက ပါမောက္ခချုပ်တွေ တက်ရောက်ခဲ့ကြောင်း စစ်ကောင်စီကပြောပါတယ်။