မန္တလေးတိုင်း တောင်သာမြို့မှာ ဇွန်လ ၁၃ ရက်နေ့က စစ်ကောင်စီသတင်းပေး အမျိုးသမီးတစ်ယောက် သေနတ်နဲ့ အပစ်ခံရတာကို သံသယရှိတယ်ဆိုကာ ဖမ်းဆီးစစ်ဆေးခံရသူတစ်ဦး စစ်ကြောရေးမှာတင် သေဆုံးခဲ့ရပါတယ်။
မန္တလေးတိုင်း တောင်သာမြို့နယ် အင်တဲရွာက အသက် (၃၈) နှစ်အရွယ် ကိုမျိုးမြင့်သန်းဟာ စစ်ကောင်စီ သတင်းပေး အမျိုးသမီးတစ်ယောက် တောင်သာမြို့ပေါ်မှာ သေနတ်နဲ့ပစ်သတ်ခံရတဲ့ကိစ္စမှာ သံသယရှိတယ် ဆိုပြီး အဖမ်းခံရပြီးတဲ့နောက် သုံးနာရီခန့်အကြာ စစ်ကြောရေးမှာ စစ်ဆေးခံနေရင်းနဲ့ သေဆုံးခဲ့တယ်လို့ တောင်သာမြို့က ဒေသခံတွေက ပြောပါတယ်။
တောင်သာမြို့ဈေး အပြင်ဘက်တန်းမှာ လျှပ်စစ်ပစ္စည်းနဲ့ ဖုန်းအပိုပစ္စည်းရောင်းချတဲ့ ယွန်းယွန်းဆိုတဲ့ ဆိုင် ပိုင်ရှင် မနှင်းနှင်းဆိုသူကို အမည်မသိတဲ့ အမျိုးသား နှစ်ယောက်က ဇွန်လ ၁၃ ရက်နေ့ မနက်မှာ ဆိုင်ထဲ ဝင်ရောက်ကာ သေနတ်နဲ့ပစ်ခတ်သွားခဲ့တာပါ။
အဲဒီနောက် ဆိုင်က စီစီတီဗွီကို စစ်ဆေးတဲ့အခါ ဆိုင်ရှေ့ကနေဖြတ်သွားခဲ့တဲ့ ကိုမျိုးမြင့်သန်းကို အင်းတဲရွာ အထိ စစ်သားအင်အား ၆၀ ခန့်နဲ့ ဖမ်းဆီးခဲ့ပြီးတဲ့နောက် ခုလိုသေဆုံးခဲ့တာဖြစ်တယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
“ဆိုင်နားကိုဖြတ်သွားလိုက်ပုံရတယ်။ တကယ်ရိုးသားတဲ့တောင်သူပါ။ လက်နက်လည်းမရှိပါဘူး။ ရွာကို လိုက်ဖမ်းပြီး ရိုက်နှက်လိုက်တာ သေသွားတယ်။ မိဘတွေသွားကြည့်ချိန်မှာ ပိတ်စနဲ့အုပ်ထားတယ်။ မျက်နှာပဲဖော်ထားတယ်။ စုတ်ပြတ်နေတယ်။ အောက်ပိုင်းကိုလှန်ကြည့်တာတောင် အကြည့်မခံဘူး”
ကိုမျိုးမြင့်သန်းရဲ့အလောင်းကို စစ်ကောင်စီ အစောင့်အရှောက်တွေနဲ့ မိသားစုဝင်တွေက မနေ့က ဇွန် လ ၁၄ ရက်နေ့ ညနေပိုင်းက တောင်သာမြို့သုသာန်မှာ သင်္ဂြိုဟ်ခဲ့ရပါတယ်။
"လက်နက်လည်းမရှိပါဘူး။ ရွာကို လိုက်ဖမ်းပြီး ရိုက်နှက်လိုက်တာ သေသွားတယ်။"
တောင်သူအလုပ်လုပ်ကိုင်တဲ့သူတစ်ယောက်ကို အခုလိုသတ်လိုက်တဲ့အတွက် တစ်ရွာလုံးက စိတ်မကောင်း ဖြစ်နေကြတယ်လို့ တောင်သာမြို့နယ် ဒေသခံတစ်ယောက်က ပြောပါတယ်။
“တော်လှန်ရေးလုပ်တဲ့ကလေးရှိချင်ရှိမယ်။ ဘာမှလုပ်ထားတာမရှိဘဲနဲ့ တောင်သူ ရိုးရိုးသားသား လုပ်ကိုင် စားနေတဲ့သူကို ဒီလိုကြီးလုပ်လို့ စိတ်မကောင်းဖြစ်နေကြတယ်။ စစ်အာဏာရှင်အောက်မှာ နေလည်း မနေချင်ဘူး။ အာဏာရှင်အောက်မှာနေရတာ သေရတာနဲ့ မထူးတော့ပါဘူး။ ဝိုင်းပြီးတော်လှန်ဖို့ပဲ ရှိပါ တော့တယ်။"
မနှင်းနှင်း သေနတ်နဲ့ပတ်ခတ်ခဲ့ရတဲ့နောက် စစ်ကောင်စီတပ်သားတွေဟာ အင်းတဲရွာအနီးဝန်းကျင်က ရွာတွေကို သေနတ်တွေနဲ့ ဝင်ရောက်ပစ်ခတ်တာတွေပြုလုပ်ခဲ့ပြီး နတ်စောင့်ရွာက ကိုချက်ဖောင်း(ခ) ကိုကျော်နိုင်ဦး ဆိုသူကိုလည်း ဖမ်းဆီးသွားခဲ့ပါတယ်။
ကိုကျော်နိုင်ဦးကတော့ ဒီကနေ့အထိပြန်မလွတ်သေးသလို သူနဲ့ပတ်သတ်တဲ့သတင်းတွေလည်း မကြားရ သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ယွန်းယွန်း လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် မနှင်းနှင်းဟာ သေဆုံးခဲ့ခြင်းမရှိဘဲ နေပြည်တော် စစ်ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ တောင်သာဒေသခံတွေက ပြောနေကြပေမယ့်လည်း RFA က အတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။

စစ်အာဏာရှင်တွေကို ဆန္ဒပြနေကြတဲ့ကာလတွေမှာ မနှင်းနှင်းက သူ့ဆိုင်ရှေ့မှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအလံ လွှင့်ထူထားသလို တပ်မတော်ထောက်ခံပွဲတွေမှာ ရှေ့ဆုံးကနေ ပါဝင်သူ တစ်ယောက် ဖြစ်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တောင်သာမြို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
“ပြည်ခိုင်ဖြိုးပါတီစည်းရုံးရေးပွဲတွေ တက်တယ်။ NLD ပါတီဝင် ဘယ်လောက်လိုချင်လဲ၊ စစ်ကောင်စီကို အပ်မယ်ဆိုပြီးပြောတယ်။ စစ်သားတွေကို ထောက်ပံ့ပေးတာတွေလုပ်တယ်။”
တောင်သာမြို့က စစ်ကောင်စီကို သတင်းပေးတဲ့ အမျိုးသမီးဆိုသူကို သေနတ်နဲ့ပစ်ခဲ့တာဟာ တောင်သာ မြို့နယ် ပျောက်ကျားအဖွဲ့က သူတို့လုပ်တာဖြစ်ပြီး ဖမ်းဆီးခံထားရသူတွေနဲ့ မသက်ဆိုင်ဘူးလို့ Myanmar Now သတင်းဌာနကို ဖြေကြားထားတဲ့သတင်းကို ဇွန်လ ၁၄ ရက် မနေ့က အဲဒီဌာနက ဖော်ပြထားတာ တွေ့ရပါတယ်။ အဲဒီတောင်သာမြို့က ပျောက်ကျားအဖွဲ့ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ် လို့မရခဲ့ပါဘူး။
တောင်သာမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလုပ်လို့ ဒေသခံအယောက် ၇၀ လောက်ဟာ တပ်မတော်ကို အကြည်ငြိုပျက်အောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅၀(က)နဲ့ ဖမ်းဆီးခံထားရပြီး ထောင်တွင်းတရာရုံးတွေကနေ ရင်ဆိုင်နေ ကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးသူ ၂၂ ယောက်ရှိပြီဖြစ်ကာ ထက်ဝက်ကျော်တို့ဟာ ၂၄ နာရီအတွင်း သေဆုံးခဲ့ကြသူတွေဖြစ်ပြီး အဲဒီအထဲမှာ သုံးယောက်ကတော့ အလောင်းတောင်ပြန်မရခဲ့ဘူးလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဇွန်လ ၁၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။