တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီနဲ့ RCSS ဆွေးနွေး
2023.09.22
တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေမှာ ရွေးကောက်ပွဲလုပ်နိုင်ဖို့ စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC ) နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ စက်တင်ဘာလ ၂၁ ရက် နေ့က နေပြည်တော်မှာ ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ဒီနေ့ ထုတ်ပြန်ပါတယ်။
အဲဒီဆွေးနွေးပွဲကို စစ်ကောင်စီရဲ့ NSPNC အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်နဲ့ RCSS ဘက်က အတွင်းရေးမှူး ၁ စဝ်စိုင်းငင်းနဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေ တက်ရောက်ခဲ့တာပါ။
လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေရှိရာ ဒေသတွေမှာ ရွေးကောက်ပွဲလုပ်ဖို့ စစ်ကောင်စီနဲ့ RCSS တို့ ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ အသေးစိတ်ဖော်ပြထားတာ မရှိပါဘူး။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ကောင်စီဟာ ရွေးကောက်ပွဲကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ထိန်းချုပ်တဲ့ဒေသတွေမှာလုပ်ဖို့ စိတ်ဆန္ဒရှိပေမယ့် လက်တွေ့မှာ မဖြစ်နိုင်ဘူးလို့ RFA ကို ပြောပါတယ်။
“မြန်မာပြည် သုံးပုံနှစ်ပုံက တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရှိတယ်။ အဲဒီ နေရာတွေမှာ ရွေးကောက်ပွဲ လုပ်ချင်တာ။ အဲဒီအတွက် RCSS နဲ့ စပြီးဆွေးနွေးတာပေါ့။ ဒါပေမဲ့လည်း RCSS ရဲ့ နေရာက ထိုင်းနယ်စပ်လောက်မှာပဲဖြစ်ပြီး ကျန်တဲ့နေရာတွေက သူ့အုပ်ချုပ်မှုအောက်မှာမရှိတာ့ ဒါကမဖြစ်နိုင်ပါဘူး”
RCSS ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးကိစ္စတွေကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် NCA အရ ဆက်ပြီးဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တစ်ခု ဖြစ်ပါတယ်။
မနေ့က ဆွေးနွေးပွဲမှာတော့ ရွေးကောက်ပွဲကိစ္စအပြင် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေရှိရာ ဒေသတွေမှာ လူသားချင်းစာနာမှု အကူအညီပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ စီးပွားရေးဆိုင်ရာတွေကို လည်းဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရှိတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်တို့မှာ စစ်ကောင်စီတပ်နဲ့ ဒေသအခြေစိုက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ မကြာခဏတိုက်ပွဲတွေ ဖြစ်နေတာပါ။
စစ်ကောင်စီကတော့ ရွေးကောက်ပွဲကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ပြီးမှ အစောဆုံးလုပ်နိုင်မယ်လို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ စက်တင်ဘာလ ၉ ရက် ရှမ်းပြည်နယ်ခရီးစဉ်မှာ ပြောထားပါတယ်။