စစ်ကောင်စီက ဖွဲ့စည်းနေတဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့တွေမှာ မပါဝင်ဖို့ နဲ့ ပါဝင်သူတွေကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်တွေအဖြစ် သတ်မှတ်ပြီး အရေးယူသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က မေလ ၂၆ ရက်နေ့က သတိပေးကြေညာလိုက်ပါတယ်။
စစ်ကောင်စီကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားတဲ့အတွက် စစ်ကောင်စီနဲ့ သူတို့ရဲ့အကြမ်းဖက်လုပ်ငန်းတွေမှာ ထောက်ကူပေးတဲ့ လူပုဂ္ဂိုလ်နဲ့ အဖွဲ့အစည်းအားလုံးဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ငြိစွန်းပြီး ဥပဒေနည်းလမ်းအပြင် စစ်ရေးအရလည်း အရေးယူခံရမှာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးလိုက်တာပါ။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီ ၂၇ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူတွေပါဝင်တဲ့ ပြည်သူ့လုံခြုံရေးစနစ်တစ်ခုကို တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ပြောခဲ့တာပါ။ အဲဒီလိုဆောင်ရွက်ရာမှာ တပ်နဲ့ ရဲတပ်ဖွဲ့ အပြင် လုံခြုံရေးအထောက်အကူပြု အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေပါဝင်မယ်လို့ ပြောခဲ့ပါတယ်။
စစ်ကောင်စီက “ပြည်သူ့လုံခြုံရေးအဖွဲ့” အမည်ခံပြီး အကြမ်းဖက်အဖွဲ့တွေကို မြို့နယ်တွေ၊ ရပ်ကွက်ကျေးရွာတွေမှာ ဖွဲ့စည်းလာတာကို တွေ့ရတယ်လို့ NUG ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြည်သူချင်း အကြမ်းဖက် ရန်ပြုအောင် ရည်ရွယ်ပြီး စစ်ကောင်စီကို ထောက်ခံတဲ့ နိုင်ငံရေးပါတီတွေ၊ အသင်းအဖွဲ့တွေ ပါဝင်ဖွဲ့စည်းဖို့ ကြိုးစားနေတာလို့လည်း ဆိုပါတယ်။
ဒီအဖွဲ့တွေမှာ ပါဝင်မယ့်သူတွေရဲ့ အချက်အလက်တွေနဲ့ သက်သေအထောက်အထားတွေကို NUG က ရရှိထားတယ်လို့ ကြေညာချက်မှာ ပါရှိပါတယ်။
ဒီအဖွဲ့မှာ ပါဝင်သူတွေကို စစ်ပညာသင်ကြားပေးတာ၊ အကြမ်းဖက်နည်းလမ်းတွေ ပို့ချတာ၊ လက်နက်တပ်ဆင်ပေးတာတွေ စစ်ကောင်စီက ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
တကယ်လို့ ဒီအဖွဲ့မှာ ပါဝင်ဖို့ အတင်းအကျပ်ဖိအားပေး ခိုင်းစေခံရသူတွေရှိရင် သက်ဆိုင်ရာ ပြည်သူ့ကာကွယ်ရေး တပ်ရင်းတပ်ဖွဲ့တွေဆီ သတင်းပေးပို့ဖို့ တိုက်တွန်းထားပါတယ်။
NUG ရဲ့ သတိပေးကြေညာချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကို RFA က မရသေးပါဘူး။
စစ်ကောင်စီက NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားပြီး အဖွဲ့ဝင်တွေကို ဖမ်းဆီးအရေးယူနေသလို PDF နဲ့ ဆက်စပ်တယ်၊ ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးနေတာတွေလည်း ရှိနေပါတယ်။